Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အေးဆေးတည်ငြိမ်၊ မှန်ကန်သောအမြင်ဖြင့် အမေရိကန်၏ ပူပန်မှုအာဃာတများကို ရင်ဆိုင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာဆက်ဆံရေးတွင် တွေ့ဆုံဆွေးနွေးခြင်းသည် ကွဲလွဲမှုများကို ဖြေရှင်းသည့် ပညာဉာဏ်ပါသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၏ မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် က ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

တွေ့ဆုံ ဆွေးနွေးရမည်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်  ရမည်မဟုတ်သည်မှာ တရုတ်နိုင်ငံ၏ ရပ်တည်ချက် ဖြစ်သလို ကမ္ဘာ့ နိုင်ငံအများစု၏ တူညီသည့် သဘောထားအမြင်လည်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် လူမှုစနစ်မတူညီ၊ သမိုင်းယဉ်ကျေးမှုကွဲပြားသည့် နိုင်ငံကြီးနှစ်နိုင်ငံဖြစ်ရာ အကျိုးစီးပွားနှင့် အာရုံစိုက်အလေးထားမှုအသီးသီးရှိတတ်ကြကြောင်း ဝမ်ရိက ဆိုသည်။

အရေးကြီးသည်မှာ မည်သည့်အချိန်မဆို တစ်ဖက်သတ် ဆွေးနွေးမှုတံခါးကို ပိတ်ထားပြီး ကွဲလွဲမှု၊ မှားယွင်းသော ဆုံးဖြတ်မှုများကို ဖြစ်ချင်တိုင်းဖြစ်လွှတ်ထားကာ နှစ်နိုင်ငံဆက်ဆံရေး ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်အောင် လုပ်ဆောင်ရန် မသင့်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် တာဝန်ခံ တာဝန်ယူမှုရှိသော နိုင်ငံကြီးဖြစ်ရာ မိမိတို့အနေဖြင့် မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း အမေရိကန်နှင့် ထိရောက်ပွင့်လင်းသော ဆွေးနွေးမှုများပြုလုပ်သွားလိုကြောင်း၊ တရုတ်နိုင်ငံက အေးဆေးတည်ငြိမ်မှန်ကန်စွာဖြင့် အမေရိကန်၏ ပူပန်မှုအာဃာတတွေကို ရင်ဆိုင်သွားရန် ပြင်ဆင်ထားကြောင်း ဝမ်ရိက ဆက်လက်ပြောကြားခဲ့သည်။ 

 မိမိတို့အနေဖြင့် အမေရိကန်နှင့် အလွှာစုံ၊ကဏ္ဍစုံ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို အချိန်မရွေးပြုလုပ်နိုင်သလို ၊ မည်သည့်ပြသာနာအရေးကိစ္စရပ်ကို မဆို စားပွဲဝိုင်းတွင် ဆွေးနွေးနိုင်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ ကွဲလွဲမှုများကို စီမံထိန်းချုပ်မှုနှင့်သက်ဆိုင်သော အသေးစိတ်ရှင်းတမ်းအား ရှင်းလင်းသတ်မှတ်ရန်၊ ဆွေးနွေးမှု၏နောက်ခြေလှမ်းလမ်းကြောင်းကို အတည်ပြုသတ်မှတ်ရန် အဆိုပြုထားကြောင်း ဝမ်ရိက ဆိုသည်။ 

ထိုသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ အမေရိကန်က မာန်မာနနှင့်တစ်ဖတ်သတ် တယူသန်အမြင်များကို စွန့်လွှတ်ကာ မျှတ၍အပြုသဘောဆောင်သည့် ဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိတင်းမာနေသည့်အခြေအနေကို ဖြေလျော့ရန်၊ ပဋိပက္ခထိပ်တိုက်ရင်ဆိုင်မှုများ မရှိသည့် အပြန်အလှန်လေးစားမှု၊ဘုံအကျိုးစီးပွားဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် မှန်ကန်သော လမ်းကြောင်းကို ပြန်လည်ရောက်ရှိရန် တိုက်တွန်းခြင်းသာ ဖြစ်ကြောင်း ၊ ထိုမှသာ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ ၎င်းသည်လည်း နိုင်ငံတကာအသိုက်အဝန်း အများ၏ မျှော်လင့်ချက်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)