Connect with us

Politics, Law & Military

ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးသာဖြစ် ၊ အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်မရှိဟု ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

တရုတ်နိုင်ငံဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေအား ထောက်ခံကြောင်း ပြသနေသည်ကို မေ ၂၄ ရက်က တွေ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ)

ဟောင်ကောင်အရေးသည် လုံးဝဥဿုံတရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ အကယ်၍ အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ဖို့ လိုအပ်တာအားလုံးကို လုပ်သွားမှာပါ”ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ကျောက်က ထည့်သွင်းပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အတွက် တရုတ်ဥပဒေပြုလွှတ်တော်စားလှယ်များက အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုများလုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတအိမ်ဖြူတော်အကြံပေး Robert O’Brien ၏ ပြောဆိုချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်၏ အမေးကို ပြောခွင့်ရပုဂ္ဂိုလ် ကျောက်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသခံများက လူစုလူဝေး မလုပ်ရန် ဧပြီ ၁၂ ရက်က တောင်းဆိုမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ကျောက်က တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အစည်းအဝေးတွင် ဟောင်ကောင်အရေးနှင့်ဆက်စပ်သော ဆွေးနွေးမှုအပေါ် အမေရိကန်နိုင်ငံရေးသမားများ၏ ကျွတ်ကျွတ်ညံဝေဖန်မှုအား တရုတ်နိုင်ငံက ကန့်ကွက်ရှုံ့ချကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ တည်ရှိမှုဟာ သိပ်ကို ရှင်းလင်းပါတယ်”ဟု ကျောက်က ဆိုသည်။နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အချုပ်အခြာ ပိုင်နက်အတွင်း ယင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိခိုက်အန္တရာယ်ဖြစ်စေမည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို မည်သည့်နိုင်ငံကမျှ ခွင့်ပြုနိုင်လိမ့်မည်မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ဗဟိုအစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အခြားသောနိုင်ငံများတွင် ပြုမူသကဲ့သို့ပင် တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ အမေရိကန်နိုင်ငံ ကိုယ်တိုင်က သူ့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ခိုင်မာတဲ့ ခံတပ်တစ်ခုတည်ဆောက်ဖို့ အမျိုးသားလုံခြုံရေးဥပဒေ ဒါဇင်ပေါင်းများစွာကို ပြဌာန်းခဲ့ပြီးပါပြီ၊ ဒါပမေယ့်လည်း တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုကို သူတို့က ဝင်စွက်ဖက်သလို တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကွန်ရက်ကြီးထဲမှာ ယိုပေါက်တစ်ခုဖြစ်အောင် ဖောက်ထွင်းဝင်ရောက်ဖို့ထိ ကြိုးပမ်းခဲ့သေးတယ် ၊ အဲဒီလို စံနှုန်း နှစ်မျိုးကို အမေရိကန်မှာ ရှိတဲ့လူတစ်ချို့က အပြည့်အဝ သွပ်သွင်းဖို့ ရည်ရွယ်လုပ်ကိုင်နေကြတာပါ ”  ဟု ကျောက်က ဆိုသည်။

NPC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံကို ထိခိုက်အောင် ၊ နိုင်ငံအင်အားယုတ်လျော့အောင် ၊ အဖွဲ့အစည်းဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ပြီး ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက်နေသည့် ပြည်တွင်းပြည်ပမှ အရေအတွက် မဆိုသလောက် အနည်းငယ်သာရှိသော လူအချို့အတွက်သာ ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျောက်က ပြောကြားခဲ့သည်။

ဉပဒေဖြင့် ဟောင်ကောင်ပြည်သူ အားလုံးအပေါ်လွမ်းခြုံ အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၊ ဥပဒေကြောင်းအရ အခွင့်အရေး နှင့် အကျိုးခံစားခွင့် အာမခံချက်ရရှိထားသည့် ဟောင်ကောင်ဒေသခံများ နှင့် ဟောင်ကောင်တွင် ရောက်ရှိနေသည့် နိုင်ငံခြားအဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ယင်းသည် ဟောင်ကောင်၏ အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အခွင့်အာဏာ နှင့် ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်များ နှင့်  အခွင့်အရေးများ အပေါ် သက်ရောက်မှု မရှိကြောင်း ၊ ဟောင်ကောင်၏ တရားစီရင်ရေးစနစ်ကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ၊ ဟောင်ကောင်အတွက် ပိုမိုကောင်းမွန်သောစီးပွားရေးပတ်ဝန်ကျင်ကောင်းတစ်ခု နှင့် ပိုမိုတည်ငြိမ်သော ၊ ခိုင်မာသော တရားဥပဒေစိုးမိုးမှုတို့ကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 “ ဟောင်ကောင်ရဲ့ ရေရှည်တည်ငြိမ်မှု နဲ့ ငြိမ်းချမ်းမှုအတွက် ပိုပြီး ကောင်းမွန်စေမှာဖြစ်သလို အဲဒါဟာ ဟောင်ကောင်မှာရှိတဲ့ လူမှုအသိုက်အဝန်းရဲ့ ပြည်သူ့သဘောထားအမြင်တွေကို အများဆုံး ကိုယ်စားပြုထားတာပါ”ဟု ကျောက် ကဆိုသည်။

ကျောက်က တရုတ်နိုင်ငံအစိုးရ၏ ဟောင်ကောင်ဆိုင်ရာ စီမံအုပ်ချုပ်မှု အခြေခံဥပဒေသည် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဟောင်ကောင်(HKSAR) ဒေသ၏ အခြေခံစည်းမျဉ်းဥပဒေများဖြစ်ပြီး တရုတ်- ဗြိတိသျှ (Sino-British Joint Declaration) ပူးတွဲကြေညာချက်ပေါ်တွင် အခြေမခံကြောင်း ပြောကြားခဲ့သည်။

“ နောက်ပြီးတော့ ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်ကို ဟောင်ကောင်ပြန်လာတာဟာ ဘာအတွက် အမေရိကန်နဲ့ ကြေညာချက် သွားလုပ်စရာအကြောင်း ရှိမလဲ ၊ တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး အင်္ဂလန်ရဲ့ အခွင့်အရေးနဲ့ တာဝန်ဟာလည်း အားလုံးပြီးဆုံးသွားခဲ့ပါပြီ၊ ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတဲ့ မှတ်ချက်နဲ့ ဝင်စွက်ဖက်ဖို့ အမေရိကန်မှာ ဥပဒေကြောင်းအရ ဒါမှမဟုတ် အခွင့်အရေးအရ လုံးဝ မရှိပါဘူး  ” ဟု ၎င်းကဆိုသည်။ (Xinhua)