Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်  ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ တွေ့ဆုံဆွေးနွေး 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့၏ ဇွန် ၂၂ ရက်က ကျင်းပသည့် ဗွီဒီယိုတွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenတို့နှင့်   ဇွန် ၂၂ ရက်  ညပိုင်းက ပေကျင်းမြို့မှ တဆင့် အွန်လိုင်း ဗွီဒီယိုစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတရှီက COVID-19 ကပ်ရောဂါဖြစ်ပွားသည့်အခါ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂသည် အပြန်အလှန်အားပေးထောက်ခံကူညီခဲ့ကြကြောင်း ၊ ကိုဗစ်အလွန်ကာလ တရုတ်-ဥရောပ ဆက်ဆံရေးပိုမိုတည်ငြိမ်ရင့်ကျက်အောင် ပို၍အဆင့်တိုးမြှင့်အောင်  တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် သမိုင်းကြောင်း ကြာရှည်စွာတည်ရှိခဲ့သော ရှေးဟောင်းနိုင်ငံဖြစ်သလို တတ်ကြွလှုပ်ရှားမှုအပြည့်ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို လိုလားပြီး ဗိုလ်ကျစိုးမိုးခြင်းကိုမလိုလားကြောင်း ၊  မိမိတို့၏ မူဝါဒနှင့် လုပ်ငန်းဆောင်တာ အားလုံး၏ရည်ရွယ်ချက်သည် တရုတ်နိုင်ငံပြည်သူများ သာယာချမ်းမြေ့သောဘဝကို ရရှိနိုင်ရန်ဖြစ်ရာ မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းစဉ်ကို မပြောင်းမလဲ ခိုင်မာစွာ ရှေ့ဆက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အခွင့်အလမ်းဖြစ်ပြီး အန္တရာယ်မဟုတ်ကြောင်း ၊ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်ကို တရုတ်နိုင်ငံက ပို၍ နက်ရှိုင်းကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်ရာ ၎င်းမှာ ဥရောပအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏အခွင့်အလမ်းသစ်ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်  ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့၏ ဇွန် ၂၂ ရက်က ကျင်းပသည့် ဗွီဒီယိုတွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မိတ်ဖက်ဖြစ်ပြီး ရန်ဖက်မဟုတ်ကြောင်း ၊ တရုတ်-ဥရောပတွင် အခြေခံအကျိုးစီးပွား ပဋိပက္ခ မရှိ သလို ပူးပေါင်းဆောင်ရွက်မှုက ယှဉ်ပြိုင်မှုထက်များပြီး တူညီသည့်သဘောထားအမြင်က ကွဲလွဲမှုထက် သာလွန်ကြောင်း ၊ အပြန်အလှန်လေးစားစွာဖြင့် တူညီမှုများကို ရှာဖွေကာ မတူညီမှုများကို ထိန်းသိမ်းပြီး သင့်မြတ်စွာဖြင့် အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုများအား အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု၏ဘုံအကျိုးစီးပွားကို တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေရှင်းကျော်လွှားကာ ကမ္ဘာ့သက်ရောက်မှု ပိုရှိသည့် တရုတ်-ဥရောပ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံကိုတည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်  ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့၏ ဇွန် ၂၂ ရက်က ကျင်းပသည့် ဗွီဒီယိုတွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတရှီက  ကပ်ရောဂါ၏ရိုက်ခတ်မှုတွင် ကမ္ဘာကြီးသည် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လျက်ရှိပြီး မတည်ငြိမ်မှုမသေချာမရေရာမှုများကို ပို၍ ရင်ဆိုင်ကြုံတွေ့နေရရာ မိမိအနေဖြင့် အန္တရာယ်ကြား အခွင့်အလမ်းသစ်တည်ဆောက်ရန် နှင့် ပြောင်းလဲမှုကို ကဏ္ဍသစ်အဖြစ်ဖွင့်လှစ်ရန် အဆိုပြုခဲ့ဖူးကြောင်း၊ ထိုအဆိုပြုချက်မှာလည်း တရုတ်-ဥရောပဆက်ဆံရေးနှင့် သင့်လျော်ကြောင်း ၊ တရုတ်-ဥရောပသည် ကမ္ဘာ့အင်အားစုကြီးနှစ်ခု၊ ဈေးကွက်ကြီးနှစ်ခု ၊ ယဉ်ကျေးမှုကြီး နှစ်ခု ဖြစ်ရာ မိမိတို့၏ အမြင်သဘောထား၊ဆန့်ကျင်မှု၊ပူးပေါင်းဆောင်ရွက်များသည် ကမ္ဘာ၏အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်-ဥရောပသည် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသည့် အင်အားစုကြီးနှစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်အတူ အရေးကြီးကိစ္စရပ်များတွင် ဆွေးနွေးဖလှယ်မှုများပြုလုပ်သွားလိုကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့်လည်း စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှု၊ တံခါးဖွင့်ပွင့်လင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကာ အဆက်မပြတ်ရှေ့ဆက်မည်ဟု ယုံကြည်ကြောင်း ၊ဥရောပ၏  နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောအကျိုးဆောင်မှုများကိုလည်း မြင်တွေ့လိုကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဥရောပနှင့်အတူ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းသွားလိုကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။ 

တရုတ်-ဥရောပသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု၏ ဈေးကွက်ကြီးနှစ်ခု ဖြစ်ရန် တွန်းအား ပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးအသိုက်အဝန်းကြီးနှစ်ခုကို ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထရန် အင်ဂျင်ကြီးနှစ်ခုအနေဖြင့် ဆောင်ရွက်သင့်ရာ သိပ္ပံနည်းကျ လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် အတူ အားပြုရမည်ဖြစ်ပြီး  မက်ခရိုစီးပွားရေးမူဝါဒညှိနှိုင်းမှုများကို အားဖြည့်ကာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက် အဆင်ပြေချောမွေ့တည်ငြိမ်စေရန် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် ဈေးကွက်တံခါးဖွင့်မှုကို ဆက်လက်ထိန်းသိမ်းကာ တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် ဆွေးနွေးမှုများကို အရှိန်မြှင့်တင်၍ အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အာဖရိကနှင့် သုံးဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ဥရောပသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာလက်ကိုင်ထားကာ ကမ္ဘာလုံးဆိုင်ရာ စီမံမှုများ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေမည်သို့ပင်ပြောင်းလဲသော်လည်း တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒတွင် ရပ်တည်ကာ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံမှုအမြင်ကို ခိုင်မာစွာ လက်ကိုင်ထားမည်ဖြစ်ကြောင်း ၊ ဥရောပသမဂ္ဂက နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒအား ခိုင်မာစွာကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုပါဝင်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပိုမိုအားဖြည့်ပါဝင်ဆောင်ရွက်လာခြင်းအတွက် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်အတူ နိုင်ငံတကာနှင့်ဒေသရေးရာပြသာနာများတွင် ညှိနှိုင်းပူးပေါင်းမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊   ကမ္ဘာ့ ပြည်သူ့ကျန်းမာရေး စီမံမှု ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် လူသားတို့၏ ကျန်းမာရေး အကျိုးတူအသိုက်ဝန်းတည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း  သမ္မတရှီက ဆိုသည်။ 

 ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenကလည်း ဥရောပနှင့်  တရုတ်နိုင်ငံသည် ကမ္ဘာ့ စီးပွားရေးအသိုက်အဝန်းကြီးနှစ်ရပ်ဖြစ်ရာ နှစ်ဖက်ဆက်ဆံရေးသည်လည်း သက်ဝင်လှုပ်ရှားမှုအပြည့်ရှိကြောင်း ၊ လက်ရှိ ကမ္ဘာကြီးသည် မရေရာမှုများစွာ ရင်ဆိုင်နေရရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကသာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်နိုင်မည်ဖြစ်သလို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကသာ ပဋိပက္ခ အချင်းပွားမှုများနှင့် ဒေသမတည်ငြိမ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဥရောပအနေဖြင့် ပွင့်လင်းရိုးသားစွာဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ကာ သဘောတူညီချက်များကို ချဲ့ထွင်သွားလိုကြောင်း ၊ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရေး၊ လုပ်ငန်းများ ပြန်လည်လည်ပတ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ နှစ်ဖက်ကုန်သွယ်ရေးပမာဏကို တိုးချဲ့သွား လိုကြောင်းနှင့် အစိမ်းရောင်ကာဗွန်လျော့ချရေးကဏ္ဍနှင့် ဒီဂျစ်တယ်စီးပွားရေးသည့် ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရန် တွန်အားပေးဆောင်ရွက်သွားလိုကြောင်း နှင့် ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အမြန်ဆုံးရရှိစေရန် ဆောင်ရွက်သွားကာ ကပ်ရောဂါ သက်ရောက်မှုကို တတ်နိုင်သမျှစောလျဉ်းစွာ ဖြေရှင်းကာ ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထလာရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

ဥရောပသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာလက်ကိုင်ထားကာ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၊ G20အဖွဲ့စသည့်မူဘောက်အောက်တွင် ပြည်သူ့ကျန်းမာရေးလုံခြုံမှု၊ ရာသီဥတုပြောင်းလဲမှု၊ အာဖရိကနှင့် သုံးဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစသည့် အရေးကြီး ကိစ္စရပ်များ၏ ဆွေးနွေးညှိနှိုင်းမှုကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)