Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများအရေး မြှင့်တင်ရန် သမ္မတရှီ၏ အဆိုပြုချက်များအပေါ် ကမ္ဘာ့ကျွမ်းကျင်သူများ ချီးကျူး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် အမျိုးသမီးများ သပိတ်မှောက်ခြင်းတွင် ပါဝင်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁ ရက်တွင် တင်ပြသည့် အဆိုပြုချက်များသည် ကျား၊မတန်းတူညီမျှမှု မြှင့်တင်ရေးနှင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားမှ အမျိုးသမီးအရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကို ခိုင်မာစေမည်ဖြစ်ကြောင်း ကမ္ဘာအနှံ့ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် အမျိုးသမီးများအပေါ် COVID-19 သက်ရောက်မှုများ နည်းနိုင်သမျှနည်းစေရန်၊ စစ်မှန်သော ကျားမတန်းတူညီမျှရေးအတွက် ကြိုးပမ်းရန်၊ ခေတ်ကာလများတွင် အမျိုးသမီးများ ရှေ့တန်းတွင် ဆောင်ရွက်နိုင်စေရန်နှင့် အမျိုးသမီးများ အဆင့်မြင့်စွာဖွံဖြိုးတိုးတက်ရေး၌ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း (၄) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး၌ သမ္မတ ရှီက ပြောကြားခဲ့သည်။

ဂါဇာမြို့ရှိ နေအိမ်တွင် ပါလက်စတိုင်း မိန်းကလေးတစ်ဦးက ၎င်း၏ညီမငယ်ကို နှာခေါင်းစည်းတပ်ဆင်ပေးနေစဉ် (ဓာတ်ပုံ- Rizek Abdeljawad/Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် ရှီးအန်းမြို့တွင်  “ဉာဏ်မျက်စိ ဖွင့်ခြင်း” ဟုခေါ်တွင်သော ရိုးရာအဖြစ် နဖူးပေါ်တွင် အနီစက်လေးများ ဆေးခြယ်ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဂူဝါဟတ်တီမြို့ရှိ ဘူတာရုံတွင် ရထားတစ်စင်းကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် အမျိုးသမီးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)
(၄) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ အတွင်းရေးမှူးချုပ် Gertrude Mongella က ရှီ၏ အဆိုပြုချက်များသည် တရုတ်နိုင်ငံ အစိုးရ၏ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကာလရှည်လုပ်ဆောင်မှုအနေအထားကို သရုပ်ဖော်ပြလျက်ရှိသည်ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံသည် အမျိုးသမီးများ အခွင့်အရေးနှင့် အကျိုးစီးပွား တိုးတက်မှုရှိစေရန်နှင့်  အမျိုးသမီးများ၏ အဆင့်အတန်း ထိထိရောက်ရောက် မြှင့်တင်ရန် အမြဲတစေကတိကဝတ်ထားရှိပြီးဖြစ်ကြောင်း တန်ဇန်းနီးယားနိုင်ငံ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာရှေ့နေက ပြောခဲ့သည်။
နိုင်ငံအားလုံးအနေဖြင့် အမျိုးသမီးအရေးတွင် အတူတကွ လုပ်ဆောင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ကမ္ဘာ့အမျိုးသမီးရေးရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ Higher School of Economics ၏ ပါမောက္ခနှင့် အာရှဆိုင်ရာလေ့လာမှု သင်တန်းကျောင်း အကြီးအကဲ Andrey Karneev က ကျား၊မတန်းတူညီမျှမှုသေချာရေးသည် ကမ္ဘာ့လမ်းစဉ်တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကျားမတန်းတူညီမျှရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ အမျိုးသမီး အခွင့်အရေး အာမခံချက်ရှိစေရန် အပြုသဘောဆောင်သည့် သဘောထားဖြင့် ကျား၊မ တန်းတူညီမျှမှုရရှိရေးနှင့် ဆက်စပ်သောကိစ္စရပ်များကို ကိုင်တွယ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အတွေ့အကြုံသည် အခြားနိုင်ငံများအတွက် အလွန်ပင်အဖိုးတန်ကြောင်း ၎င်းက ဆိုသည်။

အီဂျစ်နိုင်ငံ Ain Shams တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခတစ်ဦးဖြစ်သူ Hala Mansour က “နိုင်ငံတကာ အသိုင်းအဝိုင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးတွေကို ကူညီခြင်း၊ အသိအမြင်မြှင့်တင်ခြင်းဖြင့် အမျိုးသမီးတွေကို ထောက်ပံ့ရန် ကြိုးစားခြင်း၊ သင်တန်းပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး ထောက်ပံ့ပေးခြင်းတို့တွင် ပူးတွဲစီမံချက်များ ဆောင်ရွက်ပေးခြင်းဖြင့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်” ဟု ပြောခဲ့သည်။    

တရုတ်နိုင်ငံသည် အမျိုးသမီးအခွင့်အရေး ကာကွယ်ရာတွင် ကြီးမားသည့်ကျွမ်းကျင်မှုရှိကြောင်း၊ တရုတ်နိုင်ငံထံမှ အီဂျစ်နိုင်ငံက လေ့လာနိုင်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အမျိုးသမီးများကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများစတင်ရန် ထောက်ပံ့ပေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းများ ပံ့ပိုးပေးခြင်းများ၌ ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ San Andres တက္ကသိုလ်၏ လက်တင်အမေရိက လူမှုသိပ္ပံမဟာဌာနမှ သုတေသီတစ်ဦးဖြစ်သူ Juliana Gonzalez Jauregui ကလည်း တရုတ်နိုင်ငံသည် ကုလသမဂ္ဂ အမျိုးသမီးရေးရာလုပ်ငန်းတွင် တက်ကြွစွာထောက်ခံလျက်ရှိကြောင်း၊ ကျား၊မတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် ကြီးမားစွာအကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ ယင်းသည် လူသားမျိုးနွယ် အေးအတူ၊ ပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ အနာဂတ်ရည်မှန်းချက်ဆိုင်ရာ ဆောင်ရွက်ချက် တစ်ခုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ National Women Commission မှ ကော်မရှင်နာဟောင်း Mohna Ansari က နီပေါနိုင်ငံ၏ အခြေအနေသည် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပိုမိုဆိုးရွားလျက်ရှိကြောင်း၊ ယင်းသည် အမျိုးသမီးများ၏ နေထိုင်ရှင်သန်မှုအတွက် စိန်ခေါ်မှုများပိုမိုရှိနေကြောင်း ပြောခဲ့သည်။
“ကျွန်မတို့ အနေနဲ့ အပြုသဘောဆောင်သောနည်းလမ်းနဲ့ ကန့်သတ်ချက်များကိုချိုးဖျက်ဖို့ တွန်းအားပေးခြင်းဖြင့် အမျိုးသမီးတွေရဲ့ လူမှုစီးပွားရေးအခြေအနေကို ခိုင်မာစေဖို့ ဤကပ်ရောဂါကို အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.