Connect with us

Politics, Law & Military

ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဟောင်ကောင်ရဲတပ်ဖွဲ့အပေါ် အမေရိကန်၏ နာမည်ဖျက်ရန် ပြောဆိုမှုအား ကန့်ကွက်

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ဟောင်ကောင်မြို့ရှိ Golden Bauhinia ရင်ပြင်အား ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဟောင်ကောင်ရဲတပ်ဖွဲ့၏ တရားဉပဒေစိုးမိုးရေး ဆောင်ရွက်ချက်များအား နာမည်ဖျက်ရန် နှင့် မဟုတ်မမှန် သိက္ခာကျဆင်းစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် လုံးဝကျေနပ်မှု မရှိကြောင်း အောက်တိုဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် လူအခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေး အလိမ်အညာ အကြောင်းပြချက်များဖြင့် ဟောင်ကောင်အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေမှုအား ချက်ချင်းရပ်တံ့ရန်  ကော်မရှင်နာရုံးက တောင်းဆိုခဲ့သည်။

ကော်မရှင်နာရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဟောင်ကောင်တွင် အချို့သောလူများသည် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်ခဲ့သလို လက်နက်ခဲယမ်းများလည်း ကိုင်ဆောင်ထားကြောင်း နှင့် ယင်းမှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ ဥပဒေကိုချိုးဖောက်နေကြောင်း ပြောကြားခဲ့သည်။ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များက ထိုသူများအား ဖမ်းဆီးခဲ့ရာတွင် ဥပဒေအရ ကြောင်းကျိုးဆီလျှော်မှု ၊ တရားဝင်မှု နှင့် မဖြစ်မနေ လိုအပ်မှု အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

HKSAR အခြေခံဥပဒေ အပါအဝင် ဟောင်ကောင်ရှိ ဥပဒေများသည် ဟောင်ကောင်ဒေသခံများ၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်ကို အပြည့်အဝကာကွယ်ပေးထားသည်။သို့သော်လည်း လူတစ်ဦးတစ်ယောက် အခွင့်အရေးသည် အခြားလူများ နှင့် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ဖျက်ဆီး၍ မရနိုင်ကြောင်း နှင့် ဥပဒေအထက် နေထိုင်ပြုမူခြင်းအား ခွင့်ပြု၍ မရကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ဟောင်ကောင်သည် တရားဥပဒေစိုးမိုးရေး နှင့်အတူ လူမှုအသိုက်အဝန်းတစ်ခုဖြစ်သည်။ လူတိုင်းသည် ဥပဒေရှေ့တွင် တန်းတူညီမျှ အခွင့်အရေးရှိပြီး လူတိုင်းသည် ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ဥပဒေအထက်တွင် ရှိမနေသင့်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေစိုးမိုးရေးဆောင်ရွက်မှုသည် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း နှင့် ဟောင်ကောင်ဒေသခံများ၏ အသက်အိုးအိမ်နှင့်စည်းစိမ်များကို ကာကွယ်ရန် နှင့် လူမှုဘဝကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကိုယ်၌ပင် နိုင်ငံအတွင်း တရားမဝင်လူစုလူဝေးများတွင် ပါဝင်လှုပ်ရှားသူများအား မကြာခဏဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။မီဒီယာများ၏ သတင်းဖော်ပြချက်အရ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်းဂျလိစ်မြို့ ၊ အရီဇိုးနားပြည်နယ် Yavapai မြို့ နှင့် အော်ရီဂွန်ပြည်နယ် Portland မြို့များတွင် ယခုနှစ် မေ ၊ ဩဂုတ် နှင့် စက်တင်ဘာလများအတွင်း တရားမဝင်လူစုလူဝေးပြုလုပ်မှုဖြင့် ပြည်သူများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် အထက်ပါအချက်အလက်များအပေါ် မျက်စိတစ်ဖက် မှိတ်ထားခဲ့ကြောင်း ၊ ဟောင်ကောင်တွင် တရားမဝင် ပြုမူဆောင်ရွက်မှုများကို မသိကျိုးကျွံပြုခဲ့ကြောင်း ၊ ဟောင်ကောင်ရဲတပ်ဖွဲ့၏ ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်ကို လွတ်လပ်စွာစုဝေးခွင့် နှင့် ပြောဆိုခွင့် ထိန်းသိမ်းစောင့်ရှောက်ရေး လိမ်ဆင်ဇာတ်လမ်းများအောက်တွင် အမည်ဖျက်ခြင်း နှင့် သိက္ခာချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ၊ ဟောင်ကောင်အစိုးရအား ဖိအားပေးခဲ့ကြောင်း နှင့် တရုတ်နိုင်ငံအစိုးရ၏ “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို အင်အားချိနဲ့သွားအောင် လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ယင်းမှာ အချို့ပြောဆိုနေကြသည့် “ စံနှုန်းနှစ်မျိုးပြုမူခြင်း” နှင့် “ သူခိုးက လူပြန်ဟစ်ခြင်း” မျိုးပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်သည် ဟောင်ကောင်တွင် တရုတ်ဆန့်ကျင်ရေး ဆူပူလှုပ်ရှားသူများ၏ တရားမဝင်ပြုမူဆောင်ရွက်ချက်များအား ဖုံးကွယ်ပေးရန် ၊ ဟောင်ကောင်အား မတည်မငြိမ်ပြန်လည်ဖြစ်စေရန် နှင့် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အင်အားချိနဲ့စေရန် ကြိုးပမ်းခြင်းများသာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။ HKSAR အစိုးရ၏ ဥပဒေအခြေပြုသောစီမံခန့်ခွဲမှုအား နှောင့်ယှက်ရန် နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဟောင်ကောင်၏ အကျိုးစီးပွား နှင့် တည်ငြိမ်ရေးအတွက် ဖျက်ဆီးရန် အမေရိကန်၏ ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်အခါမျှ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို အကောင်အထည်ဖော်ရန် အခိုင်အမာသန္နိဌာန် ချမှတ်ထားကြောင်း နှင့် ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ရှုတ်ချကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ဟောင်ကောင်အရေးကိစ္စရပ်များတွင် မည်သည့်ပုံစံဖြစ်မဆို ဝင်ရောက်စွက်ဖက်ခြင်းအား ချက်ချင်းရပ်တံ့ရန် နှင့် မှားယွင်းသောလမ်းကြောင်းဆီသို့ ရှေ့ဆက် ဦးတည်သွားခြင်း မပြုရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)