Connect with us

Politics, Law & Military

တရုတ် နိုင်ငံ စီးပွားရေး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း က ကမ္ဘာ့လူသားများ အတွက် ယုံကြည်မှု ပိုမို ရရှိစေကြောင်း ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက စက်တင်ဘာ ၃၀ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လတ်တလောရက်ပိုင်း အတွင်း ကမ္ဘာ့ဘဏ် မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် တရုတ် နိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု တို့တွင် ရရှိခဲ့သော ထင်းရှားသည့် အောင်မြင်မှုများ အပေါ် မြင့်မားစွာ အသိအမှတ်ပြုခဲ့ကြောင်း ၊ တရုတ် နိုင်ငံ စီးပွားရေး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ် နိုင်ငံ နှင့် ပြည်ပနိုင်ငံများ အကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ စီးပွားရေး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း က ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အတွက် အားအင်ဖြစ်စေခဲ့ပြီး ကမ္ဘာ့လူသားများ အတွက်လည်း ယုံကြည်မှု ပိုမို ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ဘဏ် က စက်တင်ဘာ ၂၈ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည့် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အစီရင်ခံစာ တွင် တရုတ် နိုင်ငံ ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်း ကို ၂ ရာခိုင်နှုန်း အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ယင်းမှာ ဇွန်လ ၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ ထက် ၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ၊ ကမ္ဘာ့ဘဏ်အနေဖြင့် ကာကွယ်ဆေးထွက်ရှိမည့် အချိန် ၊ စီးပွားရေး ဆက်တိုက်ပြန်လည်ကောင်းမွန်လာမှု စသည့် အချက်များအပေါ် မူတည်၍ တရုတ်နိုင်ငံ၏ စီးပွားရေးကို လာမည့်နှစ်တွင် တိုးတက်မှုနှုန်း ၇.၉ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းခဲ့သည်။

ဝမ်းဝန်ပင်း က သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ၏ စီးပွားရေးက တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း ၊ ယခုနှစ် သြဂုတ်လတွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများက ရပ်ဝန်းနှင့် ပိုးလမ်းမ ဖော်ဆောင်မှု လမ်းကြောင်း တစ်လျှောက်ရှိနိုင်ငံ များစွာတွင် ငွေကြေးဆိုင်ရာမဟုတ်သည့် လုပ်ငန်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံ ရှိပြီး ယခင်နှစ်ထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပထမ နှစ်ဝက် တွင် အာဆီယံ ၌ ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃ ဘီလီယံဖြစ်ပြီး ယခင်နှစ်ထက် ၅၃ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း ၊ ယခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ တရုတ် နိုင်ငံ နှင့် အဆီယံ အကြား ကုန်သွယ်မှုပမာဏ က အမေရိကန် ဒေါ်လာ ၄၁၆ ဒသမ ၅၅ ဘီလီယံရှိပြီး ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း ၊ ယခုနှစ် ပထမ နှစ်ဝက်တွင် တရုတ်-ဥရောပ ရထားလမ်း မှ ကုန်စည်ပို့ဆောင်မှု က ၃၀ ဒသမ ၉ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း ပြောကြား ခဲ့သည်။   (Xinhua)