Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ကီလိုမီတာ သန်း ၃၀၀ ထိ ခရီးနှင်ခဲ့ပြီဖြစ်

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ ကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- China National Space Administration /Handout via Xinhua)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် နိုဝင်ဘာ ၁၇ ရက် နံနက်အစောပိုင်း (ပေကျင်းစံတော်ချိန်) အထိ အကွာအဝေး ကီလိုမီတာ သန်း ၃၀၀ ထိ ခရီးနှင်ခဲ့ပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ၏ ပြောကြားချက် အရ သိရသည်။

ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့သော အဆိုပါ ယာဉ်သည် အာကာသအတွင်း ပျံသန်းနေသည်မှာ ရက်ပေါင်း ၁၁၆ ရက်ရှိပြီဖြစ်ကြောင်း နှင့် လက်ရှိတွင် ကမ္ဘာမြေမှ ကီလိုမီတာ ၆၃.၈ သန်းခန့်အကွာသို့ ရောက်ရှိနေကြောင်း၊ ယာဉ်ပေါ်ရှိ စနစ်များအားလုံး ကောင်းမွန်လျက်ရှိကြောင်း CNSA က ပြောကြားခဲ့သည်။

၎င်းယာဉ်သည် ဂြိုဟ်လမ်းကြောင်းတည့်မတ်ခြင်း သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ အစောပိုင်းတွင် အဆိုပါယာဉ်ပေါ်ရှိ စနစ်များစွာသည် ပထမဆုံး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ကိုယ်တိုင်စစ်ဆေးခဲ့ပြီး မူမမှန်မှုတစ်စုံတစ်ရာမတွေ့ရှိကြောင်း သိရသည်။

ထျန်းဝန်-၁ ယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂြိုဟ်နီကြီးအနီးတစ်ဝိုက်သို့ ရောက်ရှိနိုင်ပြီး ၂၀၂၁ ခုနှစ် မေလတွင် အင်္ဂါဂြိုဟ်၏ ဂြိုဟ်ပတ်လမ်းကြောင်းအနိမ့်ပိုင်းထဲသို့ ဝင်ရောက်နိုင်မည်ဟု မျှော်မှန်းထားသည်။ ယင်းနောက် ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်နှင့် ဂြိုဟ်ပေါ်သွားယာဉ်တို့သည် ဂြိုဟ်ပတ်လမ်းကြောင်းမှ ခွဲထွက်သွားမည်ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ညင်သာစွာဆင်းသက်မည်ဖြစ်ကြောင်း၊ ဂြိုဟ်ပေါ်သွားယာဉ်သည် ဂြိုဟ်ပေါ်တွင် စူးစမ်းလေ့လာရန် ယာဉ်ဆင်းသက်မှုပလက်ဖောင်းမှ ခွဲထွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)