Connect with us

Social, Education & Health

ဘယ်လ်ဂျီယံလူနာတစ်ဦး ထံ တရုတ်ကျောင်းသူတစ်ဦးက ပင်မဆဲလ် လှူဒါန်း

ပင်မဆဲလ် ထုတ်ယူမှုဖြစ်စဉ် တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နန်ချန်း၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် မှ အသက် ၂၁ နှစ်အရွယ် တရုတ်တက္ကသိုလ်ကျောင်းသူ တစ်ဦးသည် ဘယ်လ်ဂျီယံနိုင်ငံမှ လူနာတစ်ဦးထံ ပင်မဆဲလ် (Stem cell) နှစ်ကြိမ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျန်းရှီးပြည်နယ် Shangrao တက္ကသိုလ်မှ ကျောင်းသူ တစ်ဦး ဖြစ်သည့် ကျန်းမင်လင်း သည် ဖေဖော်ဝါရီလတွင် Hemopoietic ပင်မဆဲလ် (HSCs) ၂၂၇ မီလီမီတာ အား ဘယ်လ်ဂျီယံနိုင်ငံမှ သွေးနှင့်သက်ဆိုင်သည့် ရောဂါခံစားနေရသော လူနာတစ်ဦး အားလှူဒါန်းခဲ့ပြီး သြဂုတ် ၈ ရက်၌ ယင်းလူနာသို့ပင် Lymphocyte ဆဲလ် ၆၅ မီလီမီတာ ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းမှု နှစ်ခုစလုံးကို ပေကျင်းရှိ လေတပ်အထွေထွေဆေးရုံကြီး ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကျန်းသည် တရုတ်နိုင်ငံရိုးတွင်းခြင်ဆီလှူဒါန်းမှုအစီအစဉ် (CMDP) ၌ ပင်မဆဲလ်လှူဒါန်းမှုပြုလုပ်ရန် ၂၀၁၄ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ပင်မဆဲလ်နှင့် အမျိုးအစား ကိုက်ညီသည့် ဘယ်လ်ဂျီယံမှ လူနာတစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ပင်မဆဲလ် အမျိုးအစားကိုက်ညီမှုနှုန်းသည် အလွန်နည်းပါးလျက်ရှိပြီး ကိုက်ညီမှု ရာခိုင်နှုန်းသည် ဝ.၀၁ ရာခိုင်နှုန်း မှ ဝ.၂၅ ရာခိုင်နှုန်းအတွင်းသာရှိကြောင်း သိရသည်။ “ကျွန်မ ပင်မဆဲလ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ဟာ ကျွန်မရဲ့ မိခင်အရွယ် ရှိပြီလို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကျွန်မအနေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်ခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်”ဟု ကျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ပင်မဆဲလ်လှူဒါန်းရန် CMDP ၌ စာရင်းပေးထားသူ ၂.၂သန်းကျော် ရှိကြောင်းသိရသည်။
၂၀၀၆ခုနှစ်တွင် ရှန်ဟိုင်းမြို့မှ စေတနာရှင်တစ်ဦးသည် တရုတ်နိုင်ငံ၏ ပထမဆုံး ပင်မဆဲလ်လှူဒါန်းသူ ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် Hemopoietic ပင်မဆဲလ် (HSC)အစားထိုးကုသမှု ကို ပြည်တွင်း ၌လူနာ (၅၀၀၀)ကျော် နှင့် ပြည်ပ၌ လူနာ ၂၀၀ကျော်အား ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)