Connect with us

MYANMAR

မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာ့နိုင်ငံ အားလုံးမှ ခရီးသည်များအတွက် ယာယီကန့်သတ်ချက် အစီအမံများ ထုတ်ပြန်

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူ အမျိုးသမီး တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာ့နိုင်ငံ အားလုံးမှ ခရီးသည်များအတွက် မတ် ၂၅ ရက် ၊ မြန်မာစံတော်ချိန် (၀၀:၀၀) နာရီမှ စတင်၍ အသက်ဝင်မည့် ယာယီကန့်သတ်ချက် အစီအမံများအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ယာယီကန့်သတ်ချက် အစီအမံများမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၁၄ ရက် သီးသန့်သတ်မှတ်ထားသည့် နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားခရီးသွားများ အားလုံးအနေဖြင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ လွန်ခဲ့သော (၇၂) နာရီမတိုင်မီက ရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲခန်းဆေးစစ်ချက် အထောက်အထားပြသရန် လိုအပ်ကြောင်း ၊ ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှ စတင်၍ ၁၄ရက် သီးသန့်သတ်မှတ်ထားသည့် နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်များ ပေါ်သို့ မတက်ရောက်မီ လွန်ခဲ့သော (၇၂) နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက်အထောက်အထား ပြသရန် လိုအပ်ကြောင်း ၊ ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၎င်းတို့ နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine)ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန် ရှေးရှုလျက် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်သော ခရီးသည်များမှတစ်ဆင့် မြန်မာပြည်သူများအပေါ် ကျရောက်နိုင်သည့် ရောဂါအန္တရာယ်ကို ထိန်းချုပ် ၊ ကန့်သတ်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကြိုတင်ကာကွယ်ရေး ထပ်တိုးအစီအမံများကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)