Connect with us

WORLD

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့၏ ဝန်ပိနေသော ကျန်းမာရေးစနစ်က ပြိုလဲမည့် အန္တရာယ်ရှိကြောင်း မြို့တော်ဝန် သတိပေး 

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့၌ နှာခေါင်းစည်း ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ မေ ၁၈ ရက်(ဆင်ဟွာ) 

ဘရာဇီးနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် ဆောပိုလို(Sao Paulo)မြို့၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် COVID-19 ရောဂါ ဖြစ်ပွားသူ များလာခြင်းနှင့်အတူ အလွန်အမင်း ဝန်ပိနေပြီးဖြစ်ရာ ပြိုလဲရန် အန္တရာယ်ရှိကြောင်း မြို့တော်ဝန်က မေ ၁၇ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ 

ဆေးရုံအထူးကြပ်မတ်ကုသရေးဌာနများတွင် လူနာများနှင့် ပြည့်နှက်နေကြောင်း မြို့တော်ဝန် Bruno Covas က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ အခက်ခဲဆုံး အခြေအနေကို ရောက်နေပါပြီ။ကျွန်တော်တို့ရဲ့ အထူးကြပ်မတ်ကုသရေးဆောင်မှာရှိတဲ့ လူနာကုတင်တွေဟာ လက်ခံနိုင်တဲ့ ပမာဏ  ၉၀ ရာခိုင်နှုန်းထိ ပြည့်နေပါပြီ ။ ပုံမှန်ဆေးကုသရေး ကုတင်တွေဟာလည်း ၇၆ ရာခိုင်နှုန်းထိ လူနာတွေနဲ့ပြည့်နေပါတယ်”ဟု မြို့တော်ဝန် Bruno Covas က ပြောကြားခဲ့သည်။ 

ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အအုံများသည် အကန့်အသတ် ရှိကြောင်း ၊ ရောဂါကူးစက်မှုနှုန်းမှာ ဆက်လက် မြင့်တက်နေကြောင်း နှင့် လူနာသစ်တွေ့ရှိမှုလည်း ဆက်လက် မြင့်တက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

မေ ၁၇ ရက်အထိ လူပေါင်း သန်း ၂၀ နေထိုင်ကြသည့် ဆောပိုလိုပြည်နယ်၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၆၂,၃၄၅ ဦး နှင့် သေဆုံးသူ ၄,၇၈၂ ဦး ရှိခဲ့သည်။ဘရာဇီးနိုင်ငံ တစ်ခုလုံးတွင် စုစုပေါင်း ရောဂါ ဖြစ်ပွားသူ ၂၄၁,၀၈၀ ဦး နှင့် သေဆုံးသူ ၁၆,၁၁၈ ဦး ရှိကြောင်း သိရသည်။ 

မြို့တော်ဝန်က ဒေသတွင်း Lockdown အစီအမံများထဲမှ တစ်ခု ဖြစ်သော ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ရက် ကားမောင်းနှင်ခြင်း ပိတ်ပင်ထားမှုအား ရပ်ဆိုင်းခဲ့ကြောင်း ၊ အကြောင်းရင်းမှာ အချက်အလက်များအရ ကားမောင်းနိုင်ခြင်း မရှိသော ယာဉ်မောင်းသူများသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များကို စီးနင်းလိုက်ပါရသဖြင့် အစုလိုက်အပြုံလိုက် ကူးစက်မှု ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)