Connect with us

WORLD

အမေရိကန်ပုံစံ လူ့အခွင့်အရေးများက COVID-19 ကြောင့် အကြပ်အတည်းကို ပိုမိုကြီးထွားစေခဲ့ဟု စာတမ်းတစ်စောင်တွင် ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်တွင် လွှင့်ထူထားသော အမေရိကန် နိုင်ငံ အလံအား မတ်လ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုပြုလုပ်နေသည့် တရုတ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုက “COVID-19 ကပ်ရောဂါက အမေရိကန်ပုံစံ လူ့အခွင့်အရေးများ(U.S.-Style Human Rights)  ၏ အကြပ်အတည်းကို ပို၍ ကြီးထွားစေခဲ့ ” ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ယနေ့ ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန် အစိုးရအနေဖြင့် ကူးစက်ရောဂါတုံ့ပြန်ရာတွင် ကိုယ်ကျိုးစီးပွားကြည့်ခြင်း ၊ ရေတိုကြည့်ခြင်း ၊ စွမ်းဆောင်ရည်မရှိခြင်း နှင့် တာဝန်ယူမှုမရှိခြင်းတို့ကြောင့် ယခုအခါ  အမေရိကန်ပြည်သူ ၂ သန်းခန့် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရပြီး လူဦးရေ ၁၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း စာတမ်းထဲတွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံတွင် သဘောထားကွဲပြားသည့် လူ့အဖွဲ့အစည်းများ ၊ ဆင်းရဲ ချမ်းသား လူတန်းစား ကွာဟမှု ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှု နှင့် ထိခိုက်လွယ်သော အုပ်စုများ၏ အကျိုးစီးပွားနှင့်အခွင့်အရေးကို ကာကွယ်နိုင်မှု အားနည်းခြင်းတို့ကဲ့သို့သော ပြသနာများသည် နာတာရှည်ရောဂါတစ်ခုအဖြစ် တည်ရှိခဲ့ပြီး ယခုအခါ အမေရိကန်နိုင်၌ ပေါက်ကွဲထွက်လာခြင်းဖြစ်ကြောင်း စာတမ်းက ဆိုသည်။

အမေရိကန် နိုင်ငံ နယူးယောက်မြို့ရှိ သုဿာန်တစ်ခုရှေ့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား မေလ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ) 

“ဒါတွေက အမေရိကန်ပြည်သူတွေကို စိုးရိမ်ဖွယ် လူ့အခွင့်အရေး ဘေးအန္တရာယ်တွေ ဖြစ်စေခဲ့ပါတယ်။”ဟု ဖော်ပြထားသည်။ အမေရိကန် အစိုးရအနေဖြင့် ကပ်ရောဂါဆိုင်ရာ သတိပေးမှုများအား လစ်လျူရှူခဲ့ပြီး COVID-19 ရောဂါ တုံ့ပြန်မှုတွင် ကိုယ်ကျိုးစီးပွားကို ဦးစားပေးကာ ရောဂါ တိုက်ဖျက်ရေးထက် နိုင်ငံရေးအရ ပုံဖော်မှုကို ပိုမိုလုပ်ဆောင်ခဲ့ကြောင်း စာတမ်းတွင် ထောက်ပြထားသည်။ 

 အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ် အချို့သော အမေရိကန် နိုင်ငံရေးသမားများက ၎င်းတို့အား ဆန့်ကျင်သူများအား တိုက်ခိုက်ရန် ကပ်ရောဂါကို လက်နက်တစ်ခု အဖြစ် အသုံးပြုခဲ့ပြီး အာဏာ နှင့် အုပ်စုတစ်စု၏ အကျိုးစီးပွားများကို သိမ်းယူရန် အခွင့်အရေး တစ်ခု အဖြစ် မှတ်ယူခဲ့သည်။ အမေရိကန်ပြည်သူများ၏ လူမှုဘဝ နှင့် ကျန်းမာရေးကို ကာကွယ်ရန် အဓိက ဦးစားပေး အဖြစ် ဆောင်ရွက်ရမည့် ၎င်းတို့သည် အကျိုးစီးပွားအတွက် တုံ့ပြန်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

“ အမေရိကန် အစိုးရဟာ ပြည်သူတွေကို ထိထိရောက်ရောက် သတိပေးမှု လုပ်ဖို့ ပျက်ကွက်ခဲ့သလို ကူးစက်ရောဂါ ဖြစ်ပေါ်လာခြင်းကြောင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေ ကုန်ခမ်းနိုင်မယ့် အလားလာကို ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တယ် ၊ အဲဒီအတွက် အမေရိကန် ပြည်သူတွေဟာ ရောဂါ ကူးစက်ခံရတာ ၊ သေဆုံးတာတွေ ဖြစ်ခဲ့ရတယ်”စာတမ်းတွင် မှတ်ချက်ပြုထားသည်။ 

ကပ်ရောဂါ ဖြစ်ပွားနေစဉ် အမေရိကန်လူအဖွဲ့အစည်းအတွင်း မညီမျှမှုများသည်  ထင်ထင်ရှားရှား ပေါ်လွင်ခဲ့ရကြောင်း စာတမ်းထဲတွင် ဆက်လက်ဖော်ပြထားသည်။“ဒီကပ်ရောဂါက အမေရိကန်လူ့အဖွဲ့အစည်းရဲ့အောက်ခြေ ပြည်သူတွေရဲ့ ဘဝကို ပိုပြီး ခက်ခဲစေသလို ဆင်းရဲချမ်းသာကွာဟမှုကိုလည်း နောက်ထပ် ပိုပြီး ကြီးမားလာစေမှာပါ”ဟု ရေးသားထားပြီး ကူးစက်ရောဂါကြောင့် နောက်ဆက်တွဲ အလုပ်လက်မဲ့ပြဿနာ မြင့်မားလာခြင်းက အလုပ်သမား လူတန်းစားများအတွက် ရှင်သန်ရပ်တည်ရေး အကြပ်အတည်း ဖြစ်ပေါ်စေခဲ့ကြောင်း စာတမ်းတွင် ရေးသားသည်။

အမေရိကန် နိုင်ငံရှိ ထိရှလွယ်သော အုပ်စုများသည် ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် ရှင်သန်ရပ်တည်ရန် များစွာ ရုန်းကန်နေရကြောင်း ဆောင်းပါးတွင် မှတ်ချက်ပြုထားသည်။ အမေရိကန် အစိုးရ၏ ထိရောက်မှု မရှိသော ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်ချက်ကြောင့် နိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများသည် သားကောင်များ ဖြစ်ခဲ့ရပြီး အိမ်ခြေယာခြေမဲ့များ ၊ ဆင်းရဲသား ကလေးသူငယ်များ နှင့် ရွှေ့ပြောင်းလုပ်သား ကလေးများအတွက် စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း စာတမ်းတွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)