Connect with us

Myanmar

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသော ကာလအား ၆ လ သက်တမ်းတိုး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ - CINCDS)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)အား ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ အရေးပေါ်အခြေအနေ ကြေညာထားသော ကာလအား ၆လ သက်တမ်းတိုးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ – CINCDS)

အဆိုပါအစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသည့်အခြေအနေများ၊ ဖြစ်ပေါ်နေသည့်အခြေအနေများအား ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပအဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုံးရေးကို ဦးတည်ဆောင်ရွက်နေသည့်အခြေအနေများ ၊ လက်ရှိ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံတွင်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများခန့်ထားရန် ကျန်ရှိနေသော အခြေအနေများကြောင့် စစ်မှန်သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉အရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်ပေးရန်လိုအပ်သဖြင့် နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို သက်တမ်းတိုးမြှင့်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅အရ တင်ပြခဲ့ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တင်ပြမှုအပေါ် ထောက်ခံဆွေးနွေးပြီး ယာယီသမ္မတအပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသော ကာလအား ၆လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.