Agriculture
လုပ်သားပြည်သူများနှင့် တောင်သူ လယ်သမားများ နွေရာသီတွင် အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်မှုကြောင့် လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်များ ထုတ်ပြန်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် အယ်နီညို သက်ရောက်မှု (ElNino Effect) ရှိနိုင်ပြီး အပူချိန် မြင့်မားခြင်း၊ ခြောက်သွေ့ ခြင်း၊ ရေရှားပါးခြင်းများကြုံတွေ့နိုင်သဖြင့် လုပ်သားပြည်သူ များနှင့် တောင်သူ လယ်သမားများ လိုက်နာဆောင်ရွက်ကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်များအား လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နွေရာသီတွင် အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြင်းကြောင့် လိုက်နာ ဆောင်ရွက်ရန် အချက် ၉ ချက် ဖြစ်သည့် သောက်သုံးရေနှင့်စိုက်ပျိုးရေကို စနစ်တကျချွေတာသုံးစွဲရန် ၊ နွေစပါးစိုက်ပျိုးရာတွင် ရေလိုအပ်ချက် နည်းသည့် သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ပုလဲသွယ်၊ ရက်(၉ဝ) စသော စပါးမျိုးများ ရွေးချယ် အသုံးပြု စိုက်ပျိုးရန် ၊ သက်လတ်၊ သက်ကြီးစပါး မျိုးများအသုံးမပြုရန် ၊ ပျိုးသက်မှန်စိုက်ပျိုးနိုင်ရေးအလေးထားဆောင်ရွက်ရန် ၊ နွေစပါး စိုက်ပျိုးရာတွင်လိုက်နာဆောင်ရွက်သင့်သော စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) ၁၄ ချက်ကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးရန်၊ စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိအောင် လယ်ကြားမြောင်းစနစ် ကောင်းမွန်ရေး လယ်သမားအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ လယ်ကန်သင်းများတွင် စိမ့်ပေါက်၊ ယိုပေါက်မရှိစေရေး အမြဲကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်၊ နွေစပါးခင်းများတွင် ပေါင်းမြက်ကင်းရှင်းအောင်ဆောင်ရွက်ရန်၊ ရေရရှိနိုင်မှုနည်းပါးသော ဧရိယာများတွင် နွေနှမ်း၊ ပဲတီစိမ်းတို့ကို သီးနှံပြောင်းလဲစိုက်ပျိုးရန်၊ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာစိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင် များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။(Xinhua)