Agriculture
အယ်နီညို ရိုက်ခတ်မှုဒဏ်ကြောင့် စိုက်ပျိုးရေ ၊ သောက်သုံးရေများ အလေအလွင့် မရှိစေရေး နှင့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ အသုံးပြုရေး သတိပေးထုတ်ပြန်
ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစု အနေဖြင့် ယခုနှစ် နွေရာသီမှ စ၍ အယ်နီညို ရိုက်ခတ်မှုဒဏ်(El-Nino Effect) ကြောင့် ရာသီဥတု ပိုမို ပူပြင်းပြီး စိုက်ပျိုးရေး နှင့် သောက်သုံးရေ ရရှိရေး အခက်အခဲများ ရှိလာနိုင်မည် ဖြစ်သဖြင့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ အသုံးပြုရေး နှင့် စိုက်ပျိုးရေ ၊ သောက်သုံးရေများ အလေအလွင့် မရှိစေရေးအတွက် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။
ဒေသအသီးသီးတွင် (အထူးသဖြင့် ရေပေးမြောင်း လက်တံအဖျားရှိ နွေစပါး စိုက်ဧရိယာများ) မိမိတို့ဒေသနှင့် ကိုက်ညီသည့် ရေလိုအပ်ချက်နည်းသော သက်တမ်းတို အထွက်ကောင်း စပါးမျိုးများကို ရွေးချယ် စိုက်ပျိုးကြရန် လိုအပ်မည် ဖြစ်ကြောင်း ၊ ထိုပြင် သောက်သုံးရေ စုဆောင်းခြင်း နှင့် စိုက်ပျိုးရေ အလေအလွင့် မရှိ အကျိုးရှိစွာ အသုံးချခြင်း လုပ်ငန်းများကို စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုအတူ သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ ရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရန် ခက်ခဲသော ဒေသများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာန နှင့် ဆည်မြောင်း ဦးစီးဌာနတို့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး နှိုးဆော်ထားသည်။ (Xinhua)