Connect with us

Agriculture

ပြည်တွင်း၌ ငါးထုတ်လုပ်မှု ကဏ္ဍတွင် ငါးမွေးမြူသူများ နှင့် ငါးမွေးကန်များ တိုးတက် လာစေရန် စီမံချက်ချ၍ ဆောင်ရွက် သွားမည်

ငါးမွေးမြူရေးကန်တစ်ခု၌ ငါးများဖမ်းဆီးနေကြသည့်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ငါးထုတ်လုပ်မှု ကဏ္ဍတွင် သဘာဝမှ ဖမ်းဆီး ထုတ်လုပ်မှုများကို လျှော့ချကာ ငါးမွေးမြူသူ များနှင့် ငါးမွေးကန်များ တိုးတက် လာစေရန် စီမံချက်ချ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ငါးပုစွန် မွေးမြူသူများ အတွက် ငါးမွေးကန် မြေနေရာ အခက်အခဲများ မရှိစေရန် ရေကြီးကွင်း၊ ရေနက်ကွင်း များနှင့် ပင်လယ်ရေငန် ဝင်ရောက်သော မြေလွတ်မြေရိုင်း တချို့ကို မွေးမြူရေးဇုန် များအဖြစ် ဖော်ထုတ် သတ်မှတ်ကာ လုပ်ကိုင်ခွင့် လိုင်စင်များကို ထုတ်ပေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ထို့ပြင် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ငါးပုစွန် မွေးမြူရေးကန် ဧကမှာ ၁၂၈၅၇၂ ရှိခဲ့ရာမှ ၂ဝဝ၂-၂ဝဝ၃ ခုနှစ်တွင် ၃၂၄ဝ၇၃ ဧက၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၄၅၅၅၁၃ ဧကအထိ တိုးတက်မှုများ ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းဇယားများအရ သိရသည်။

ထိုကဲ့သို့ တိုးတက်မှုများ ရရှိရန် လုပ်ငန်းရှင်များကို စည်းရုံး ဆောင်ရွက်ခြင်း၊ နည်းပညာနှင့် လိုအပ်ချက် အခက်အခဲများကို ပံ့ပိုးကူညီ ပေးခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းများတွင် သုံးစွဲရန်နှင့် ငါးမွေးမြူရေး အထောက်အကူပြု စက်ယန္တရားများ ဝယ်ယူရန် ချေးငွေ ထုတ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ထုတ်ပေး ရာတွင်လည်း ငါးလုပ်ငန်း ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ကျေးလက် ဖွံ့ဖြိုးရေးဘဏ် လီမိတက်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များကို တစ်ဦးချင်း အဖြစ် လည်းကောင်း၊ အစုအဖွဲ့အဖြစ် လည်းကောင်း ချေးငွေ အဆိုပြု လျှောက်ထားချက်များ အပေါ်စိစစ်ကာ ချေးငွေများဖြင့် ပံ့ပိုးကူညီ နေခြင်းဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ ယင်းချေးငွေ ထုတ်ပေးမှု ကို ဆောင်ရွက်ခဲ့သည့် အပြင် ယခုအခါ လုပ်ငန်းရှင်ပေါင်း ၁၄၁ ဦးအတွက် ငွေကျပ် ၃၇ဝ၂ .၅၅ သန်းကို ထုတ်ချေးပေး ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.