Connect with us

Culture & Entertainment

ရာမာယဏ ဇာတ်တော် မျက်နှာဖုံး ပုံဖော်မှု အနုပညာ

ရာမာယဏ ဇာတ်တော်မှ ဇာတ်ကောင်မျက်နှာဖုံးများကို ပြုလုပ်နေသူ ဆရာစိန်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ပြည်တွင်း လက်မှုပညာရှင် ဆရာစိန်သည် ရှေးဟောင်း အိန္ဒိယ ဇာတ်တော် တစ်ခု ဖြစ်သည့် ရာမာယဏဇာတ်မှ ဇာတ်ကောင် များ၏ မျက်နှာဟန်ပန် သဏ္ဍာန်သရုပ်ကို မြန်မာမှု ၊ မြန်မာပုံစံဖြင့် မျက်နှာဖုံး ခေါင်းဆောင်းများ ဖန်တီး ပြုလုပ် နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိလာခဲ့ပြီ ဖြစ်သည်။

ဟိန္ဒူယဉ်ကျေးမှုမှ ဆင်းသက်လာခဲ့သော ရာမာယဏ ဇာတ်တော်ကို အရှေ့တောင် အာရှ နိုင်ငံများတွင် ပုံစံ အမျိုးမျိုးဖြင့် ဘာသာပြန်ဆို ဖွဲ့နွဲ့ကြပြီး မြန်မာနိုင်ငံ၌လည်း ရာမ ဇာတ်တော်ကို နိုင်ငံ ပုံရိပ် တစ်ခု အဖြစ် အသိအမှတ် ပြုထားကြသည်။

ရာမ ဇာတ်တော် သို့မဟုတ် ရာမာယဏဇာတ်တွင် ရာမ အမည်ရှိသော ကောသလ တိုင်းပြည်၏ မင်းသား တစ်ပါး အကြောင်းကို အဓိက ဖော်ပြထားကာ ရာမ မင်းသားမှာ ကြင်ယာတော် သီတာ နှင့် ညီတော် လက္ခဏ တို့နှင့် အတူ တောထွက်စဉ် ဒဿဂီရိ ဘီလူး၏ ပြန်ပေးဆွဲခြင်း ခံရသော သီတာဒေဝီအား ပြန်လည် ကယ်ဆယ်ခဲ့ပုံကို ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

ရာမာယဏ ဇာတ်တော်ကို ပြဇာတ် တစ်ပုဒ် အဖြစ် ဇာတ်ရုံများတွင် ဖျော်ဖြေတင်ဆက်ကြပြီး အဓိက ဇာတ်ကောင်များ ဖြစ်ကြသော ရာမ ၊ လက္ခဏ ၊ သီတာ ၊ ဒဿဂီရိ နှင့် ဟာနုမာန်တို့၏ သဏ္ဍာန်သရုပ်တို့ကို မြန်မာနိုင်ငံရှိ ပြည်သူများ အကြား ပိုမို ထင်ရှား လူသိများကြသည်။

ဆရာစိန်သည် အသက် ၁၄ နှစ်သား အရွယ် ကတည်းက ကျောင်းသို့သွားရာလမ်းတွင် အိုးဘို နန်းတွင်း ရာမ အက အဖွဲ့၏ ဘီလူး ခေါင်း မျက်နှာဖုံးများကို ပထမဆုံး အကြိမ် တွေ့ရှိခဲ့ပြီးနောက် ဘီလူး ဇာတ်ကောင် မျက်နှာဖုံးကို စိတ်တွင် စွဲမက်ကာ နှစ်သက် မြတ်နိုးလာခဲ့ခြင်း ဖြစ်သည်ဟု ဆို၏ ။

အဆိုပါ ရာမ အကအဖွဲ့ အသုံးပြုသည့် မျက်နှာဖုံးများကို ပြင်ဆင်မွန်းမံမှုများတွင် ယင်းအဖွဲ့၏ ခေါင်းဆောင် ဆရာ ဖြစ်သူ ဦးအုန်းမောင်ကို ဝိုင်းဝန်း ကူညီလာရင်းဖြင့် ဆရာစိန်သည် မျက်နှာဖုံး ဖန်တီးမှု လုပ်ငန်းတွင် စတင် ဝင်ရောက် ဖြစ်ခဲ့သည်။

“ကလေးဘဝတုန်းက စင်ပေါ်မှာ ကြည့်ခဲ့ ၊ ကြိုက်ခဲ့ရတဲ့ ဇာတ်ကောင် မျက်နှာဖုံးတွေ ဖန်တီးဖို့ကို တစ်ခါမှ မတွေးခဲ့ မိပါဘူး။”ဟု ဆရာစိန်က ဆင်ဟွာသို့ ပြောခဲ့သည်။

ယခုအခါတွင် ဇာတ်တော်များ ၊ ဘာသာရေး ပွဲတော်များ အတွက် လက်မှု ပညာဖြင့် မျက်နှာဖုံးများ အပါအဝင် ကိုယ်ပိုင် အနုပညာ လုပ်ငန်း လုပ်ကိုင်နေသူ ဆရာစိန်က ရာမာယဏ ဇာတ်တော်၏ ဇာတ်ကောင် တိုင်းတွင် ဇာတ်လမ်း တစ်ခုစီ ရှိကြောင်း ၊ ၎င်း၏ ဆရာဖြစ်သူက မျက်နှာဖုံး ပြုလုပ်ပုံနည်းများကို သင်ကြား ပေးရုံသာမက ဇာတ်ကောင်များ၏ အသေးစိတ် ဇာတ်လမ်းများကိုလည်း သင်ကြားပေးခဲ့ကြောင်း ၊ ၎င်းအနေဖြင့် ယခုအခါတွင် ရာမာယဏ ဇာတ်တော် တစ်ခုလုံးတွင် မလုပ်ဖူးသေးသော ဇာတ်ကောင် မျက်နှာဖုံး မရှိသလောက် ဖြစ်သွားပြီ ဖြစ်ကြောင်း ပြောပြခဲ့သည်။

ဆရာစိန်က ရာမာယဏ ဇာတ်တော်ထဲရှိ ဇာတ်ကောင် များစွာ အနက်မှ ခေါင်း ၁၀ လုံးရှိသော ရာဝဏ (ဒဿဂီရိ) ဇာတ်ကောင် မျက်နှာဖုံးကို ပြုလုပ်ရခြင်းကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ရာဝဏ ဇာတ်ကောင် မျက်နှာဖုံးမှာ ၎င်းအနေဖြင့် အကြိုက်ဆုံး ဖြစ်ကြောင်း ၊ ဘီလူးခေါင်း ၁၀ ခေါင်းလုံးကို အနုစိတ် ပုံစံတူ လုပ်ရသည့် မျက်နှာဖုံး လက်မှု ကျွမ်းကျင်မှု အသေးစိတ်ကို ရာဝဏ ဇာတ်ကောင် မျက်နှာဖုံးတွင် တွေ့မြင်နိုင်ကြောင်း ဆရာစိန်က ရှင်းပြခဲ့သည်။

အဆိုပါ မျက်နှာဖုံး တစ်ခုကို ဖန်တီး ပြုလုပ်ရန် အချိန် တစ်လခန့် ယူရပြီး မျက်နှာဖုံး အားလုံးကို ပုံစံ အကြမ်း ထည်မှ နောက်ဆုံး အချောသတ် အဆင့်အထိ ဆရာစိန် တစ်ယောက်တည်း အစ/အဆုံး လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

မျက်နှာဖုံးများကို မိုင်းကိုင် စက္ကူ ၊ မျက်နှာ အသွင်အပြင် ပုံသွင်းရန် သစ်စေးတို့ဖြင့် ပြုလုပ်ပြီး ရေဆေးကို မျက်နှာဖုံး ဆေးခြယ်ရာတွင် အဓိက အသုံးပြုပြီးနောက် မျက်နှာဖုံး အဆင်တန်ဆာ ကျောက်အလှစီခြင်းများအား အချောသတ် ပြုလုပ်ချိန်တွင် ထည့်သွင်းကြောင်း သိရသည်။

မျက်နှာဖုံး အရောင်များကို ဆေးခြယ်ရာတွင် ပြဇာတ် ဇာတ်စင်များ၏ မီးအလင်းအရောင်ကို ထည့်တွက်ကာ မှန်းဆ၍ ချိန်ညှိရန် လိုအပ်ကြောင်း ဆရာစိန်က ရှင်းပြခဲ့သည်။

အဆိုပါ မျက်နှာဖုံးများကို ထိန်းသိမ်းနိုင်သမျှ သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ကြောင်း ၊ မိမိ ဖန်တီးမှုများ အနက် ဘီလူးခေါင်း တစ်ခု ဆိုလျှင် ၁၉၈၀ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၄၀ ခန့် သက်တမ်း ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်သည့် ဆရာစိန်သည် လာမည့်နှစ်တွင် ပြခန်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ၊ ယင်းပြခန်းတွင် မျက်နှာဖုံး ပြုလုပ်ခြင်းကို စိတ်ဝင်စားသည့် အနုပညာ ချစ်မြတ်နိုးသူများ နှင့် မျိုးဆက်သစ် လူငယ်လူရွယ်များကို ရာမ ဇာတ်တော် ဇာတ်ကောင် မျက်နှာဖုံးများ အပါအဝင် မျက်နှာဖုံး အားလုံးကို ပြသသွားမည် ဖြစ်ကြောင်း ၎င်း၏ ဆန္ဒကို ပြောပြခဲ့သည်။

ဆရာစိန် ပြုလုပ်သော မျက်နှာဖုံးများ၏ ဈေးနှုန်းများမှာ တစ်ခုလျှင် အနည်းဆုံး ကျပ် တစ်သိန်းခွဲမှ ရှစ်သိန်းကျော် အထိ ရှိကြောင်း သိရသည်။

 “ဆရာစိန် လုပ်တဲ့ မျက်နှာဖုံး ခေါင်းဆောင်းတွေက အနုစိတ် အချိုးအစား လက်ရာတွေ ကောင်းတဲ့ အတွက်ကြောင့် သူဆီမှာ ဘီလူးခေါင်း မျက်နှာဖုံးတွေ အဓိက အပ်ဖြစ်တယ်။ ဘာသာရေးနဲ့ဆိုင်တဲ့ မျက်နှာဖုံးခေါင်းဆောင်းတွေလဲ အပ်ဖြစ်ပါတယ်။ ဆရာစိန်ဆီက ဝယ်ခဲ့တဲ့ ခေါင်းတွေထဲက အစောဆုံး ဆိုရင်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဖြစ်မယ်။သူ့ရဲ့လက်ရာက အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။”ဟု ဆရာစိန် ဖန်တီး ပြုလုပ်သော မျက်နှာဖုံး ခေါင်းဆောင်းများကို ဝယ်ယူ အားပေးသူ တစ်ဦးဖြစ်သည့် မှော်စက်ရှင်က ဆင်ဟွာသို့ ပြောသည်။

တစ်ခြားသော နိုင်ငံများ ကဲ့သို့ပင် ရာမ ဇာတ်တော် သို့မဟုတ် ရာမာယဏသည် တူညီသော ဇစ်မြစ်က ဆင်းသက် လာသော်လည်း နိုင်ငံ၏ ယဉ်ကျေးမှု အပေါ်လိုက်၍ ကွဲပြားမှုများ ရှိကြသည်။ ဆရာစိန်က “ဒီလို မျက်နှာဖုံးတွေ ပြုလုပ်ရတဲ့ အကြောင်းရင်း တစ်ခုကတော့ ကျွန်တော် ဖန်တီး ပြုလုပ်တဲ့ မျက်နှာဖုံးခေါင်းဆောင်းတွေကနေ မြန်မာမှု လက်ရာ ယဉ်ကျေးမှုတွေကို ကွဲကွဲပြားပြား သိစေချင်လို့ လုပ်ဖြစ်တာပါ။”ဟု ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.