Connect with us

Education & Health

ကျန်းမာရေး ကဏ္ဍအတွက် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များ ဆက်လက် လိုအပ်ဟု ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဆို

အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံ ရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များ ဆက်လက် လိုအပ်နေကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသော အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံရရှိရေး အတွက် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး အထောက်အပံ့နှင့် နည်းပညာ အရင်းအမြစ်များ လိုအပ်ကြောင်း၊ ကျန်းမာရေး ကဏ္ဍသို့ ဘဏ္ဍာငွေ ထည့်ဝင်မှု မြှင့်တင်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း ၎င်းက အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

လက်ရှိတွင် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံ ရရှိရေးအတွက် ကမ္ဘာ့ဘဏ်(World Bank)၊ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ ရန်ပုံငွေအဖွဲ့ (Globle Fund)မှ၂၀၁၃-၂၀၁၆ ခုနှစ်ထိ အမေရိကန် ဒေါ်လာ ၃၅၄ သန်း ၊ မိခင်/ကလေး ကျန်းမာရေးနှင့် ကျန်းမာရေးစနစ် တိုးတက်ရေးအတွက် ထောင်စုနှစ် သုံးမျိုးရန်ပုံငွေ (3MDG fund)မှ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးလျှက် ရှိသည်။

အဆိုပါ နိုင်ငံတကာ အကူအညီများဖြင့် လူထုဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆိုသည်။

ပြည်တွင်း / ပြည်ပ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၏ အဓိက လိုအပ်ချက်သည် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံ ရရှိရန် ဖြစ်ပြီး နှီးနွယ်ဌာန ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံဖြစ်သော ပညာရေး၊ ရေကောင်းရေသန့် ရရှိရေး၊ အာဟာရပြည့်ဝသော အစားအစာ ရရှိရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ စီးပွားရေး တိုးတက်ရေးတို့ နှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်သည်။

အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်များ၊ လူမှုရေး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
ယင်း ညီလာခံကို ကျန်းမာရေး ကဏ္ဍ လက်ရှိ တိုးတက် ပြောင်းလဲမှုများနှင့် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံရရှိရေးနှင့် အခြား ပြုပြင်ပြောင်းလဲမှုများ အပါအဝင် အနာဂတ်တွင် ဆောင်ရွက်မည့် အစီအမံများကို အသိပေး တင်ပြနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် ကျန်းမာရေး ကဏ္ဍကို အလေးထား ထည့်သွင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အချက်များ သတ်မှတ်နိုင်ရန်၊ ကျန်းမာရေး ကဏ္ဍ အောင်မြင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု ၊လိုအပ်ချက်၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်းသော အချက်အလက်များကို မီဒီယာများအား အသိပေး ဖြန့်ဝေရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း ကျန်းမာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၏ အရေးပါပုံကို မီးမောင်း ထိုးပြရန် စသည့် ရည်ရွယ်ချက် လေးချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)