Connect with us

Education & Health

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဟုဆို

အာဖရိကဝက်အပြင်းဖျားရောဂါလက္ခဏာပုံစံများ (ဓာတ်ပုံ-- မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း (၆) ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။

“ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကိုလည်း အကြောင်းကြားပြီးပါပြီ။ ဒီရောဂါက ကာကွယ်လို့လည်း မရဘူး။ကုသလို့လည်း မရတဲ့အခါ ဒီရောဂါဝင် သွားပြီဆိုရင် ဝက်က ဆုံးရှုံးဖို့ပဲ များတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

အင်းစိန်ကျေးရွာတွင် ဖြစ်ပွားခဲ့မှုတွင် ဝက်အကောင်ရေ ၄၃ ကောင်သေဆုံးခဲ့သည့်အတွက် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေး) သို့ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အာဖရိကဝက်အပြင်းဖျားရောဂါဖြင့်သေဆုံးသည်ဟု အဖြေထွက်ခဲ့ကြောင်း၊ လက်ရှိတွင် ဝက်အပြင်းဖျားရောဂါတွေ့ရှိခဲ့သည့် နီးစပ်ရာနေရာများတွင် ရောဂါပျံ့နှံ့မှုစောင့်ကြည့် ထိန်းချုပ်ခြင်းများ လုပ်ဆောင်နေပြီး ထိန်းချုပ်နိုင်မှု ရှိ မရှိကို ၃လစောင့်ကြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) သည် ကူးစက်မြန်ရောဂါပိုး တစ်မျိုး ဖြစ်ပြီး ဝက်နှင့်ဝက်ထွက်ပစ္စည်းများမှတဆင့် ကူးစက်နိုင်ခြင်း၊ လူများစားသုံးပြီးကျန်ရှိသည့် စားကြွင်း စားကျန်များကို မိမိမွေးမြူထားသည့် ဝက်များအားကျွေးမွေးခြင်းမှတဆင့် ကူးစက်နိုင်ခြင်း၊ မိမိခြံ အတွင်း အပြင်သို့ ပြင်ပမှတိရစ္ဆာန်များလာရောက်ခြင်း၊ လူများဝင်ထွက်ခြင်းမှတဆင့် ကူးစက်နိုင်ခြင်းနှင့် ရောဂါပိုး ရှိသောပိုးမွှားများ ကိုက်ခံရခြင်းမှတဆင့် ကူးစက်နိုင်ခြင်းတို့ကြောင့် သတိပြုကာကွယ်ရန် လိုအပ်သည့် ရောဂါပိုးတစ်မျိုးဖြစ်ပါသည်။

မိမိခြံအတွင်း ရောဂါကူးစက်ခံရပါက ခြံရှိဝက်အားလုံး ဆုံးရှုံးနိုင်ပြီး ရောဂါ ဖြစ်ပွားသည့် ဝက်များတွင်သာမက ခြံတစ်ခြံလုံးတွင်အချိန်ကြာရှည်စွာ တွယ်ကပ်နေနိုင်သော ပိုးတစ်မျိုး ဖြစ်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်ပွားမှ ကုသခြင်းထက် ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုအလေးပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဖရိကဝက်အပြင်းဖျား ရောဂါသည် Large Genome 170-194 kbနှင့် Genotypes 24 မျိုး ရှိသောကြောင့် စစ်ဆေးရန် ခက်ခဲသော ပိုးအမျိုးအစားဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ဝက်မွေးမြူရေး၏ ၇၅% ခန့် ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားပါက ၎င်းတိရစ္ဆာန်သည် အပူချိန် ၄၁°စင်တီဂရိတ် အထက်မြင့်တက်နေခြင်း၊ ရွေ့လျားသွားလာမှုမရှိခြင်း၊အစာစားနှုန်းလျော့ကျခြင်း၊ နားရွက်ထိပ်ဖျားများ၊ ခန္ဓာကိုယ်အဖျားများ ရောင်ရဲပြာနှမ်းနေခြင်း၊ အရေပြားများနီရဲနေခြင်းနှင့် သေဆုံးခြင်းများအထိရှိနိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့သည့် ဝက်ကောင်ရေ ၃ ထောင်ခန့်ရှိကြောင်း သိရသည်။ (Xinhua)