Connect with us

Education & Health

ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၅၀ ကျော် သေဆုံး

မကွေးတိုင်းဒေသကြီးရှိ ဝက်မွေးမြူရေးလုပ်ငန်းတစ်ခုတွင် မွေးမြူထားသော ဝက်များအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြောင့် ဝက်အကောင်ရေ ၅၀ ကျော် သေဆုံးခဲ့သောကြောင့် (က) အဆင့်ရောဂါဟုသတ်မှတ်ပြီး ယင်းဒေသကို ရောဂါထိန်းချုပ်သော ဧရိယာအဖြစ်ကြေညာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဆင်ဟွာသို့ ဩဂုတ် ၃၁ ရက်တွင် ပြောသည်။

ဒေါက်တာရဲထွန်းဝင်းက “ဝက်တွေသေတယ်လို့ သတင်းရတော့ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်တယ်။ စနစ်တကျထိန်းသိမ်းထားတဲ့ရောဂါ (က) အဆင့်ရောဂါ၊ (ခ) အဆင့်ရောဂါ စသဖြင့်ရှိတယ်။ အခု အာဖရိက ဝက်အပြင်းဖျားရောဂါက (က) အဆင့်ရောဂါဖြစ်လို့ ကျွန်တော်တို့က ဥပဒေနဲ့ အညီလုပ်ရတာ ဖြစ်တယ်။ (က) အဆင့်ရောဂါဖြစ်ပွားတယ်ဆိုရင် ကျွန်တော်တို့က အဲဒီနေရာမှာရှိတဲ့ ရောဂါဖြစ်ပွားတဲ့ နေရာတွေအားလုံးကို သွားလာရေးနယ်မြေ နံပါတ်(၁) ကန့်သတ်လိုက်တယ်။

အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားကူးစက်မှု သရုပ်ပြပုံအားတွေ့ရစဉ် (ဓာတ်ပုံ– ပြန်ကြားရေးဝန်ကြီးဌာန)

ကန့်သတ်လိုက်ပြီးရင် အဲဒီနေရာက ဝက်တွေ မရွေ့လျားရတော့ဘူး။ အခြေအနေအရ သေဆုံးတာရှိရင်လည်း ချက်ချင်း ရောဂါကို အဆုံးသတ်ရတယ်။ ရောဂါကို အဆုံးသတ်ရတယ်ဆိုတာက ချက်ချင်း မီးရှို့၊ မြေမြှုပ်ပေါ့ အဲဒီလုပ်ငန်းတွေလုပ်ရတယ်။ မီးရှို့ဖို့ အခက်အခဲရှိရင် မြေကို အနက် ၆ ပေလောက်မြှုပ်ရတယ်ပေါ့” ဟုပြောသည်။
အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ရသည့်အခါ ဒေသအာဏာပိုင်များကို အကြောင်းကြားပြီး ကန့်သတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရကြောင်း သိရသည်။

“အဲဒီမှာရှိတဲ့ ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းတွေ၊ တိရစ္ဆာန်တွေကိုစစ်ဆေးခြင်း၊ သေဆုံးတဲ့ အကောင်တွေကို စနစ်တကျမြေမြှုပ်ခြင်းလုပ်ငန်းတွေကို လုပ်ရတယ်။ နောက်တစ်ခုကတော့ ရောဂါအတည်ပြုပြီးတာနဲ့ ပြည်ထောင်စုဝန်ကြီးရုံးကို တင်ပြရတယ်။ တင်ပြပြီးတာနဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို ချက်ချင်းသတင်းပို့ရတယ်။ ကျွန်တော်တို့က အာဖရိကဝက်အပြင်းဖျားရောဂါပိုးကို တွေ့တယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးကိုတင်ပြပြီးတော့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို ကျွန်တော်တို့ သတင်းပို့ပါတယ်။ World Animal Information System ထဲကို ချက်ချင်းထည့်ရပါတယ်။ အဲဒီလို သတင်းပို့ခြင်းအားဖြင့် တစ်ကမ္ဘာလုံး ကျွန်တော်တို့ တိုင်းပြည်မှာဒီရောဂါဖြစ်နေတယ်ဆိုတာ ချက်ချင်းသိတယ်။ နောက်ပြီး ဒီရောဂါကို ကျွန်တော်တို့ ရောဂါကာကွယ် ထိန်းချုပ်ရေးတွေ လုပ်နေပြီဆိုတာလည်း ချက်ချင်းသိတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်သော ဧရိယာအဖြစ် သတ်မှတ်ထားသောကြောင့် သွားလာမှုကန့်သတ်ခြင်း၊ တိရစ္ဆာန်များကိုစစ်ဆေးခြင်း၊ တိရစ္ဆာန်များနေထိုင်မကောင်းဖြစ်ပွားပါက ချက်ချင်းစိစစ်သောလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ လူများ၏ သွားလာမှုများကိုလည်းကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ထားကြောင်း သိရသည်။
“သတိပေးခြင်း၊ ကြေညာခြင်း၊ ပညာပေးခြင်း၊ ဥပဒေအရ တားဆီးခြင်းတွေကို အကုန်ဆောင်ရွက်တာဖြစ်တယ်။ ထပ်တွေ့ရင်လည်း ထပ်ပြီး တွေ့တယ်လို့ ပြောနေဦးမှာပဲ။ မတွေ့တော့ဘူးဆိုတဲ့အချိန်ကစပြီး နောက်ထပ် ရက် ၁၀၀ အတွင်းမှာ ရောဂါပိုးမတွေ့တော့ရင် ရောဂါ ကင်းရှင်းတဲ့ ဧရိယာအဖြစ် ကျွန်တော်တို့က ကြေညာမှာဖြစ်တယ်။ အခုကတော့ ရောဂါထိန်းချုပ်သော ဧရိယာအဖြစ်ကြေညာထားပါတယ်” ဟု ဒေါက်တာရဲထွန်းဝင်းကပြောသည်။ (Xinhua)