Connect with us

Education & Health

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ ပျံသန်းရန်နှင့် အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်းဆို

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်အပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ ပျံသန်းရန်နှင့် အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီစွာ အစောဆုံး ဖြစ်အောင်လုပ်မည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ယ‌နေ့ည ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ပြည်တွင်းရော၊ ပြည်ပရောပေါ့။ လေယာဉ်ပျံသန်းမှုရှိနိုင်ရေး၊ ဆက်သွယ် ရေးကောင်းရေး၊ ပြန်ပြီးတော့ ကူးလူးဆက်ဆံမှု မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး ဆိုတာလည်း ပြန်ပြီးတော့ ကျွန်မတို့ရဲ့ တိုးတက်ရေး မြန်အောင်လို့ လုပ်တဲ့ဟာပဲ ဖြစ်ပါတယ်။’’ ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် စက်ရုံ အလုပ်ရုံများလည်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ Stay At Home မဟုတ်သောနေရာများတွင် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသည့်စားသောက်ဆိုင်များအား ဖွင့်လှစ်ရန်ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းဆိုသည်။

“ဒီလိုပြန့်ပွားနေတဲ့အထဲက ကျွန်မတို့ တချို့နေရာတွေမှာ၊ အထူးသဖြင့် Stay At Home မဟုတ်တဲ့ နေရာတွေပေါ့။ နောက်ပြီးတော့ တချို့ကဏ္ဍတွေမှာ ကျွန်မတို့ ဖြေလျှော့ပေးပါတယ်။ ဒီလို ဖြေလျှော့ပေးရတဲ့ အကြောင်းရင်းကလည်း ပြန်ပြီးတော့၊ သာမန်အနေအထားကို ပြန်ပြီးတော့ အမြန်ဆုံး ကျွန်မတို့လုပ်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။’’ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် COVID-19ရောဂါကာကွယ်ဆေးအား တစ်တိုင်းပြည်လုံးကို ထိုးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ကာကွယ်ဆေးထိုးသည့် အစီအစဉ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးမြောက်ရန် လနှင့်ချီကြာမည်ဖြစ်ကြောင်းဆိုသည်။
“စလုပ်ပြီးတဲ့အချိန်ကနေပြီးတော့လည်း နောက်တွက်လိုက်မယ်ဆိုရင် လနဲ့ချီပြီးတော့ ကြာမှ တစ်တိုင်းပြည်လုံးကို ပြီးသွားမှာပါ။ ဒီကြားထဲမှာ ကျွန်မတို့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ဒီကြားထဲမှာ ဒီရောဂါထပ်ပြီးတော့ ဖြစ်နေမယ်ဆိုရင် ကျွန်မ သတိပေးတဲ့အတိုင်းပဲ၊ အရင်စောစောက သတိပေးတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ နိုင်ငံရဲ့စီးပွားရေးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့အတွက် နှောင့်နှေးသွားပါလိမ့်မယ်။’’ ဟု ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးသည့်အခါ နိုင်ငံ၏ ‌ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုထည့်တွက်ရကြောင်း၊ စီးပွားရေးပြန်ပြီး နာလန်ထူနေသည့် နေရာများကို ဦးစားပေး၍ ကာကွယ်ဆေးများ ထိုးသင့်ပါက ထိုးပေးရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ကျွန်မတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့ လည်ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စီးပွားရေး ယန္တရားပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ အခြေအနေရှိတဲ့ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး ကာကွယ်ဆေး ထိုးပေးနိုင်မယ့်အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကတော့ ကျွန်မတို့ကတော့ အားလုံး အတွက် မျှတအောင်လုပ်မယ်၊ အားလုံးကနေလည်း ကာကွယ်ဆေးတော့ရမှာပဲ၊ ဒါပေမယ့် ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အင်အားအရပေါ့။ အဲဒါကိုကျွန်မတို့ ဆုံးဖြတ်ရမှာပါ။’’ ၎င်းကမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒီဇင်ဘာ ၇ ရက်တွင် COVID-19 ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အမှာစာပို့ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)