Connect with us

Education & Health

မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၄၉.၃ရာခိုင်နှုန်းခန့်ကသာ အစာအုပ်စုစုံလင်စွာစားသုံးနေရဟု စစ်တမ်းတွေ့ရှိ

ရန်ကုန်မြို့တော်အား ညပိုင်းမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၄၉.၃ရာခိုင်နှုန်းခန့်ကသာ အစာအုပ်စုစုံလင်စွာစားသုံးနေရကြောင်း မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)အရ သိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသော မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

အဆိုပါ စစ်တမ်းတွင် အိမ်ထောင်စုများ၏ (၈၆) ရာခိုင်နှုန်းသည် အိုင်အိုဒင်းဆားစားသုံးနေကြသော်လည်း (၃၆.၈) ရာခိုင်နှုန်းသာလျှင် အရည်အသွေးပြည့်ဝစံမီအိုင်အိုဒင်းဆားကို စားသုံးနေကြောင်း သိရသည်။

မွေးစမှ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း (၆၇) ရာခိုင်နှုန်းသာရှိပြီး ကလေးအသက် (၆)လတွင် ဖြည့်စွက်စာစနစ်တကျကျွေးခြင်းမှာ (၁၃.၃) ရာခိုင်နှုန်းသာရှိပြီး အလွန်နည်းပါးနေကြောင်း၊
အသက် (၁) နှစ်မှ (၃) နှစ်အရွယ်ကလေးများ၏ (၄၀) ရာခိုင်နှုန်းနှင့် နို့တိုက်မိခင် (၇၁) ရာခိုင်နှုန်းသည် သံဓာတ်အာဟာရ လုံလောက်စွာ စားသုံးခြင်း မရှိခြင်း၊အသက် (၅) နှစ်အောက်ကလေးများ၏ (၃၅.၆) ရာခိုင်နှုန်း သည် သွေးအားနည်းခြင်း၊ (၂၃) ရာခိုင်နှုန်းသည် သံဓာတ်ချို့တဲ့ခြင်းနှင့် (၁၉.၉) ရာခိုင်နှုန်းသည် ဇင့်ဓာတ်ချို့တဲ့ခြင်းရှိနေကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များ၏ (၄၀) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၂၇.၇) ရာခိုင်နှုန်းသည် သံဓာတ်ချိုတဲ့ခြင်း၊ (၇၁.၃) ရာခိုင်နှုန်းသည် ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းနှင့် (၆၁.၁) ရာခိုင်နှုန်းသည် ဗီတာမင်ဒီမလုံလောက်ခြင်းရှိနေကြောင်း၊ နို့တိုက်မိခင်များ၏ (၃၅.၄) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၁၇.၁) ရာခိုင်နှုန်းသည် သံဓာတ်ချို့တဲ့ခြင်းနှင့် (၆၇.၄) ရာခိုင်နှုန်းသည် ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းရှိနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အသက် (၁၅) နှစ်မှ (၅၀) နှစ်အောက် အမျိုးသမီးများ၏ (၃၀.၃) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၂၈.၅) ရာခိုင်နှုန်းသည် ဖောလိတ်ဓာတ်ချို့တဲ့လျက်ရှိခြင်းနှင့် (၆၅.၄) ရာခိုင်နှုန်းသည် ဆားစားသုံးမှုများနေကြောင်း၊ အသက် (၁၅) နှစ်မှ (၅၀) နှစ်အောက် အမျိုးသားများ၏ (၅၇.၈) ရာခိုင်နှုန်းသည် ဆားစားသုံးမှုများနေမှု စသည့် အချက်များအား တွေ့ရှိခဲ့ကြောင်း သိရသည်။

အထက်ပါတွေ့ရှိချက်များသည် ပိုမိုကောင်းမွန်အောင် ပြုပြင်၍ရသော လုပ်ငန်းများဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနသည် စစ်တမ်းကောက်ယူပြီးသည်မှ စ၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်လုပ်ကိုင်လျက်ရှိသဖြင့် ယခုအခါ၌ ဖော်ပြပါ ကိန်းဂဏန်းများထက် ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိနေမည်ဟု မိမိယုံကြည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)အား မြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ စာရင်းကောက်ကွက် (၄၅၀) ဖြင့် အိမ်ထောင်စုပေါင်း (၂၇,၃၃၉) မှ လူဦးရေ (၃၈,၇၅၁) ဦး ထံမှ လေ့လာကောက်ယူခဲ့ကြောင်း သိရသည်။

မိခင်နှင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ မြင့်တက်ခြင်း ကြောင့်ဖြစ်ပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံ၏ GDP (၁၁) ရာခိုင်နှုန်းခန့်ကိုပါ ထိခိုက်နိုင်ပါကြောင်း၊ အာဟာရ ပြည့်ဝရေး လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိ လာသည့် အကျိုးကျေးဇူးများသည် ရင်းနှီးမြှုပ်နှံမှု၏ (၁၆)ဆ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.