Connect with us

Environment, Disasters & Accidents

စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက် အတွင်း မုတ်သုံ မြန်မာနိုင်ငံမြောက်ပိုင်း မှ စတင်ထွက်ခွာနိုင်

မိုးရေထဲတွင် ထီးဖြင့်သွားနေသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စက်တင်ဘာ လဆန်း မှစ၍  မိုးနှောင်းကာလ သို့ ရောက်ရှိကာ၊ မုတ်သုံမှာ အားနည်းလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက် အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်း မှမုတ်သုံ စတင်ထွက်ခွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

“မိုးနှောင်းကာလ မိုးမကောင်းခဲ့ဘူး။ ခန့်မှန်းတာကတော့မြန်မာနိုင်ငံ မြောက်ပိုင်းတွေက မိုးအသင့်အတင့်လောက် ရနိုင်တယ်။ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ က မိုးရရှိမှု နည်းနိုင်တယ်။ မိုးနှောင်းကာလ မို့ မုတ်သုံက သိပ်ပြီးအားကောင်းဖို့လည်း မရှိတော့ဘူး။ မုတ်သုံက အားတဖြည်းဖြည်းနဲ့ လျော့လာပြီ။ စက်တင်ဘာ ၁၅ ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းက နေစတင်ပြီး မုတ်သုံဆုတ်နိုင်တယ်’’ ဟု ၎င်းကရှင်းပြသည်။

မုတ်သုံအားနည်းသွားသည့် အတွက် မိုးနှောင်းကာလတွင် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးထစ်ချုန်းမှုကြောင့်  နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် လေပြင်းတိုက်ခြင်း တို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မုတ်သုံက မနှစ်ကထက် စာလျှင် အားနည်းကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း  မှစတင်၍ မုတ်သုံတဖြည်းဖြည်းထွက်ခွာပြီးတစ်နိုင်ငံလုံးမှ တဖြည်းဖြည်းချင်း မုတ်သုံဆုတ်ခွာသွားမည်ဖြစ်ကြောင်း၊ မုတ်သုံ ဆုတ်ခွါသည့် အချိန် တွင် အနောက်ဘက်မှ လေအေးများစတင်ဝင်ရောက်နိုင်ကြောင်း သိရသည်။

မုတ်သုံဆုတ်ခွါချိန် တွင် လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းငယ်ဖြစ်ပေါ်ပါက မုတ်သုံ အနည်းငယ် ပြန်အားကောင်း၍ မိုးရွာသွန်းနိုင်ကြောင်း၊ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းတွင် နောက်(၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.