Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးများ၍ ရေကြီးသည့်အတွက် သေဆုံးသူ ၆ ဦး ရှိ

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးများ၍ ရေကြီးရေလျှံသည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာ ခရိုင်တို့တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ စ၍ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သေဆုံးသူ ဦးရေ ၆ ဦးရှိပြီ ဖြစ်ပြီး၊ ကသာခရိုင်တွင် မျောပါ ပျက်စီးအိမ် ၁၁ လုံးရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး) ဒုဦးစီးမှူး ဦးဇော်နိုင်ထွေးက ယနေ့ ဆင်ဟွာကို ပြောသည်။

ဦးဇော်နိုင်ထွေးက “ကန့်ဘလူခရိုင်မှာ ၁ ယောက် သေဆုံးမှု ရှိတယ်။ ရွှေဘို ခရိုင်ဖြစ်တဲ့ ကျွန်းလှမှာ ၁ ယောက် သေဆုံးမှု ရှိတယ်။ မုံရွာခရိုင် ကနီမှာ သေဆုံးမှု ၁ ယောက်နဲ့ ကသာ ခရိုင် ကောလင်းမှာ သေဆုံးမှု ၄ ယောက် ရှိတယ်။ ကောလင်းမှာ ရဲတစ်ယောက် သေဆုံးခဲ့ပါတယ် ” ဟုပြောသည်။

မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ရေကြီးကာ နေအိမ်များ ပျက်စီး၍ လူသေဆုံးခဲ့ခြင်း ဖြစ်ပြီး၊ ကောလင်း ဒေသကတော့ ရေကြီးမှု အဆိုးဆုံး ဖြစ်ကြောင်း ဆိုသည်။ကောလင်းမြို့နယ်တွင် အိမ်ခြေ ၃၀,၇၄၀ ရှိပြီး၊ ရေဝင်အိမ်ခြေ ၁,၇၈၂ အိမ်၊ ရေဝင်အိမ်ထောင်စု ၁,၈၁၂ စု၊ ပြောင်းရွှေ့ရသည့် လူဦးရေတွင် လူကြီး ၆,၆၅၃ ဦး၊ ကလေး ၁,၄၂၈ ဦး၊ စုစုပေါင်း ၈,၀၇၁ ဦး ရှိကြောင်း၊ အဆိုပါ ရေဘေးကြောင့် ပြောင်းရွှေ့ရသူများကို ကယ်ဆယ်ရေး စခန်း ၈ခု ပေး၍ ကူညီမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဦးဇော်နိုင်ထွေးက “ တချို့သေဆုံးသူ စာရင်းတွေက မနေ့က ထပ်ပြီး ရတာတွေရှိတယ်။ ရေဘေး ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့လယ်ယာမြေတွေပါ ဆုံးရှုံး ခဲ့ရတယ်။ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးကိုတော့ အခု လောလောဆယ်မှာ တွက်ချက်ဆဲပဲ ရှိပါသေးတယ်’’ ဟုပြောသည်။

ကသာဘက်က လမ်းပြန်ဖွင့်သော်လည်း ကောလင်းဘက်တွင် တံတားကျိုးမှုများ ရှိသည့် အတွက် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တခြားလမ်းမှ ပတ်သွားရတာရှိကြောင်း၊ လက်ရှိတွင်လည်း ကူညီ ကယ်ဆယ်မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ပြီး ဆက်တိုက် မိုး အကြီးအကျယ် ရွာသွန်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ (Xinhua)