Connect with us

Environment, Disasters & Accidents

စုပ်ခွက်ငါးများသည် ဒေသမျိုးရင်းငါးများ ဆုံးရှုံးမှုဖြစ်ပေါ်စေသောကြောင့် မြစ်ချောင်းအင်းအိုင်များသို့ လုံးဝမစွန့်ပစ်ကြရန်တိုက်တွန်း

ရန်ကုန်မြစ်ထဲရှိ ငါးဖမ်းလှေတစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမွေးမြူမှုအများဆုံးဖြစ်ရာ အလှမွေးငါးအဖြစ်ရောက်ရှိလာသော စုပ်ခွက်ငါးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များအထိ ပျံ့နှံ့လာသည့်အတွက် ဒေသငါးမျိုးရင်းဆုံးရှုံးမှုကြောင့် ယင်းစုပ်ခွက်ငါးများအား မမွေးမြူကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းနှင့် မြစ်ချောင်းအင်းအိုင်များတွင် လုံးဝမစွန့်ပစ်ရန် တိုက်တွန်းလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက် တွင်ပြောသည်။

“စုပ်ခွက်ငါးက ပေါက်ဖွားနှုန်းမြန်တယ်။ သူက ဒေသမျိုးရင်းငါးတွေထက်ကို ပေါက်ဖွားနှုန်းမြန်တယ်။ တစ်ခါ၊ တစ်ခါ သားပေါက်ရင်လည်း အများကြီးရှိတယ်။ မွေးမြူရေးငါးတွေကိုလည်းဒုက္ခပေးတယ်။ အစာကျွေးရင် သူတို့ကချည်းပဲ စားကြတယ်။ မွေးတဲ့ငါးတွေက မစားရဘူး။ မြစ်၊ ချောင်းထဲမှာဆိုရင် သူတို့က ရေညှိ၊ ရေမှော်လေးတွေ၊ ငါးသားပေါက်သေးသေးလေးတွေကိုလည်း စားပစ်ကြတယ်။ ဒါကြောင့် မမွေးဖို့ ကျွန်တော်တို့က တားမြစ်ထားတာဖြစ်ပါတယ်’’ ဟု ဦးမြင့်ဇင်ထူးက ပြောသည်။

စုပ်ခွက်ငါးများသည် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းငါးမဟုတ်ဘဲ တောင်အမေရိကဒေသမျိုးရင်းငါးဖြစ်ပြီး အလှမွေးငါးအဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မျိုးပွားနှုန်းမြန်ပြီး အစုံစားငါးမျိုးစိတ်ဖြစ်သောကြောင့် ရေသတ္တဝါတို့၏ ဂေဟစနစ်ကို ပျက်စီးစေသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဉ်ပညာပေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းငါးမျိုးစိတ်များကို ပျက်စီးစေနိုင်သော စုပ်ခွက်ငါးများကို ၂၀၀၉-၂၀၁၀ ခုနှစ်၌ ဧရာဝတီမြစ်အတွင်း ရေလုပ်သားများ စတင်ဖမ်းမိရာမှ မြွေပွေးငါးခူအဖြစ်အမည်တပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မအူပင်၊ တွံတေး၊ ပန်းတနော်ငါးမွေးကန်များတွင် စတင်တွေ့ရှိရသောကြောင့် ငါးကန်အောက်ခြေ ဂေဟစနစ် ပျက်စီးခြင်း၊ မွေးမြူရေးငါးအစာများကို ဖဲ့ယူစားသုံးမှုကြောင့် ငါးအထွက်နှုန်း ကျဆင်းခြင်းနှင့် ကန်ပေါင်များ ပျက်စီးခြင်းကို ရင်ဆိုင်ခဲ့ကြရကြောင်း၊ ရေချိုတွင် ရှင်သန်ပေါက်ပွားသော ငါးမျိုးစိတ်ဖြစ်ရာ ‌ရေရှည်တွင် ရေချိုငါးမွေးမြူရေးနှင့် မြစ်၊ ချောင်းများအတွင်းရှိ ဒေသမျိုးစိတ်၊ မျိုးကွဲများ ပျက်စီးစေနိုင်သောကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်မှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စုပ်ခွက်ငါးများသည် သဘာဝရေပြင်ရှိ ရေညှိများကိုစားကြပြီး အကြမ်းခံသော ငါးမျိုးဖြစ်ခြင်းကြောင့် ဒေသခံတိုင်းရင်းငါးမျိုးများ၏ အစာနှင့် နေရာများ အတွက် ထိခိုက်မှုရှိနိုင်ကြောင်း၊ ၎င်းတို့သည် သဘာဝ (သို့မဟုတ်) ငါးကန်များအတွင်းရှိ ကန်အောက်ခြေတွင်ရှိသော အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းများအား စားကြပြီး တွင်းတူးအသိုက်လုပ်မျိုးပွားကြလေ့ရှိကြောင်း သိရသည်။

“စုပ်ခွက်ငါးတွေက ငါးကန်အတွင်းခြောက်သွေ့တဲ့ရာသီ ရေရှားပါးလာတဲ့အချိန်မှာ ပြင်ပလေကို တိုက်ရိုက်ရှူနိုင်တာကြောင့် အသက်ရှင်နေနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် တစ်ချို့သော နှစ်စဉ် အကုန်မဖော်တဲ့ ငါးကန်တွေမှာ ‌ရေကန်အခမ်းပက်ဖော်တဲ့အခါ စုပ်ခွက်ငါးတွေအများအပြား တွေ့ရှိကြရပါတယ်။ ဒါကြောင့် စုပ်ခွက်ငါးတွေကို မမွေးမြူကြဖို့၊ မွေးမြူပြီးရင်လည်း မြစ်ချောင်းအင်းအိုင်တွေထဲကို မစွန့်ပစ်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်’’ ဟု ဦးမြင့်ဇင်ထူးက ဆက်ပြောသည်။

ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေသတ္တဝါတို့၏ ဂေဟစနစ် ပျက်စီးမှု မရှိစေရန် တိုင်းရင်းငါးများပျက်စီးစေမည့် စုပ်ခွက်ငါးအန္တရာယ်အား ငါးမွေးတောင်သူများနှင့် အများပြည်သူပိုမိုသိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။ (Xinhua)