Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် လိမ္မော်ရောင်အဆင့် ဆက်လက်တည်ရှိ၊ မုန်တိုင်းငယ်အဆင့်မှ အားပျော့သွားနိုင်ကြောင်းဆို

၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီ ၃ ရက် မိုးလေဝသခန့်မှန်းချက်ပြပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀) မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် ရန်ကုန်မြို့ ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၇၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသောကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ ဧပြီ ၃ ရက်နောက်ပိုင်းတွင် မုန်တိုင်းငယ်အဆင့်မှ အားပျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆင်ဟွာသို့ ဧပြီ ၃ ရက်တွင် ပြောသည်။

“ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၃ ရက် လောက်ကတည်းက လေထုမငြိမ်မသက်ဖြစ်နေခဲ့တယ်။ ဧပြီလ ၂ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိခဲ့တယ်။ မုန်တိုင်းငယ်က တိမ်ထုဖွဲ့စည်းပုံက ဒီနေ့မနက်မှာတော့ မနေ့ကထက်စာရင် အားတော့လျော့သွားတာ တွေ့ရတယ်။ အခုအခြေအနေကိုကြည့်ရတာ အားကောင်းသွားမယ့်အခြေအနေတော့ သိပ်မတွေ့ရဘူး။ မြန်မာနိုင်ငံ ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းငယ်ဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်တာဖြစ်ပါတယ်’’ ဟု ဦးကျော်လွင်ဦးက ပြောသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ပြီး ယနေ့ ဧပြီ ၃ ရက်နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်းဆိုသည်။

“မုန်တိုင်းငယ်က အားပျော့သွားပြီး လေဖိအားနည်းရပ်ဝန်းဖြစ်သွားရင်တောင် အားကောင်းတဲ့ မိုးတိမ်တောင်ကြီးတွေ ဖြစ်နိုင်တယ်။ အဲဒီကျရင် ပင်လယ်ပြင် မိုးလေဝသအခြေအနေဆိုးရွားမှုတွေ၊ ကမ်းရိုးတမ်းဒေသတွေမှာ နေရာကွက်ပြီး မိုးသည်းထန်တဲ့ အခြေအနေမျိုးတွေ၊ မိုးလေဝသဆိုးရွားတာတွေ ဖြစ်နိုင်တယ်’’ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မုန်တိုင်းငယ်ကြောင့် တိမ်ထူထပ်ခြင်း၊ မိုးရွာသွန်းခြင်း ဖြစ်နိုင်ကြောင်း၊ ပယ်လယ်ပြင်မိုးလေဝသအခြေအနေကလည်း ဆိုးရွားနိုင်သောကြောင့် မိုးဇလထုတ်ပြန်ချက်များအား စောင့်ကြည့်သင့်ကြောင်းဆိုသည်။
“ကပ္ပလီပင်လယ်ပြင်မှာ အခုဖြစ်နေတဲ့ နေရာမှာ မုန်တိုင်းဖြစ်နေတာ ရှားတယ်။ ဒါကြောင့် အားကောင်းဖို့ အခြေအနေနည်းပါတယ်။

နွေရာသီကာလဟာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်တဲ့ ပထမရာသီဖြစ်တယ်။ ဧပြီ၊ မေ၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေက မြန်မာနိုင်ငံရဲ့မုန်တိုင်းရာသီဖြစ်ပေမယ့် မေလက မြန်မာနိုင်ငံအတွက် မုန်တိုင်းနဲ့ ပတ်သက်ပြီး အထူးသတိထားရမယ့် ကာလဖြစ်တယ်’’ ဟု၎င်းကရှင်းပြသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧပြီလ ၃ ရက်နေ့မှ ၇ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသိရသည်။ (Xinhua)