Connect with us

Environment, Disasters & Accidents

နွေရာသီ၌ အပူလွန်ကဲပြီး ငါး၊ ပုစွန်များ သေဆုံးလျှင် ကုန်ထွက်ကျကာ ဈေးနှုန်းများ မြင့်တက်နိုင်ဟုဆို

စံပြငါးဈေး၌ ငါးများရောင်းဝယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

နွေရာသီတွင် ပြင်းထန်သော အယ်လ်နီညို ရာသီဥထုကြောင့် အပူလွန်ကဲကာ ငါး၊ ပုစွန်များ သေဆုံးလျှင် ကုန်ထွက်ကျကာ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

အပူလွန်ကဲကာ ငါးများ သေဆုံးပြီး ဆုံးရှုံးနိုင်ခြေရှိပါက မွေးမြူထားသော ငါးများကို ဖမ်းဆီးပြီး ဈေးကွက်သို့ အလျင်အမြန် တင်ပို့ရောင်းချကြရန် သတိပေးထားပြီး အပူရှိန်ကြောင့် ငါးသေဆုံးမှု၏ အကျိုးဆက် အဖြစ် ငါးကုန်ထွက် ကျဆင်းကာ ငါးနှင့်ပုစွန် ဈေးနှုန်းများ မြင့်မားလာနိုင်သဖြင့် မွေးမြူရေး လုပ်ငန်းရှင်များ သာမက နိုင်ငံတော်နှင့် စားသုံးသူများပါ ထိခိုက်နိုင်ကြောင်း ထိခိုက်နိုင်မှု အန္တရာယ်ကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် က အသိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ သတိပေး ထုတ်ပြန်ချက်တွင် ငါးနှင့် ပုစွန်မွေးကန်များနှင့် ရေလှောင်ကန်များကို သန့်စင် သောရေများ ဖြည့်ထားရန် ရေငွေ့ပြန်နှုန်း နည်းစေသော အရိပ်ရ အပင်များ စိုက်ပျိုးရန်၊ ငါးနှင့်ပုစွန် အများအပြား ထည့်သွင်း မမွေးမြူရန်၊ ရာသီဥတု ပြင်းထန်ချိန်တွင် အစာစားနှုန်း လျော့ကျ တတ်သဖြင့် အစာလျှော့ကျွေးရန်နှင့် ငါးသေဆုံးမှု ဖြစ်ပေါ်ပါက ငါးလုပ်ငန်း ဦးစီးဌာန၏ ဓာတ်ခွဲခန်းနှင့် ငါးရောဂါဌာနသို့ ပေးပို့အကြောင်း ကြားရန် ကန်အတွင်း အောက်ဆီဂျင် ပျော်ဝင်နှုန်း နည်းပါးပါက ရေအသစ် လဲလှယ်ရန်နှင့် ရေဒလက်များ တပ်ဆင် မောင်းနှင်ရန် အကြံ ပြုထားသည်။

မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးကန် ဧက ၄၅၅,၅၁၃ တွင် ငါးနှင့် ပုစွန် မွေးမြူထားပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ တန်ချိန် တစ်သန်းခန့် ထုတ်လုပ်ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။ (Xinhua)