Connect with us

Environment, Disasters & Accidents

မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်းအား အမျိုးသားဥယျာဉ်အဖြစ် စတင်သတ်မှတ်

ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် တောင်ဇလပ်ပန်းများပွင့်လန်းနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- သစ်တောဦးစီးဌာန)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁.၈ ဧက အား ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ရဟူတူ၊ လှိမ်ရောမ်းအား အမျိုးသားဥယျာဉ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် စတင်သတ်မှတ်လိုက်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်း က ဆင်ဟွာသို့ ယနေ့ မတ် ၁၁ ရက်တွင်ပြောသည်။“ဇီဝမျိူးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ တစ်နိုင်ငံလုံးဧရိယာရဲ့ ၅ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၃၀ ပြည့်နှစ်အတွင်း ဖွဲ့စည်းမယ်ဆိုပြီး ကြေညာထားပြီးသားပါ။ အဓိကတော့ ကျွန်မတို့ က ဂေဟစနစ်ကို ထိန်းသိမ်းတာပါပဲ။’’ ဟု ဒေါ်ဇင်မာထွန်းက ရှင်းပြသည်။

မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး ထန်တလန်-ဟရဖီး-ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိူးစုံနှင့် ဇီဝမျိုးစုံ၊မျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားသောဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ သိရသည်။

အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှုး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိူးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့်တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း ၊ အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များ ရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

“ပထမဦးဆုံးက ဒါကိုထိန်းသိမ်းလိုက်ရင် ထင်းခွေတာ၊ တောကောင်တွေကို သတ်ဖြတ်တာတွေ လုပ်လို့မရတော့ဘူးပေါ့၊ ထိန်းသိမ်းလိုက်တဲ့အတွက် ဂေဟစနစ်တွေ ကောင်းမယ်။ တောတောင်တွေ ပြန်လည်စိမ်းလန်းလာမယ်။ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲ တွေကို တတ်နိုင်သမျှ ကာကွယ်သွားနိုင်မှာဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။ (Xinhua)