Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်ရှိ မလတ်တောင်ပြိုမှုကြောင့် သေဆုံးသူ ၅၉ ဦးရှိ၊ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ကိုင်မည်


ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၉ဦးထိတိုးလာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

တောင်ပြိုကျမှုအား ကယ်ဆယ်ရှာဖွေရာတွင် ယနေ့(သြဂုတ် ၁၂ရက်) ညနေ ၄နာရီ ၂၇မိနစ်ထိ ရုပ်အလောင်း ၆လောင်းထပ်မံရရှိခဲ့သဖြင့် လတ်တလော သေဆုံးသူ ၅၉ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

“မြေကြီးထဲ ထပ်တွေ့တဲ့ အလောင်းကို ကယ်ဆယ်ရေး ဆက်လုပ်နေတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ ကာယံကံရှင် မိသားစုတွေရဲ့ ရုပ်အလောင်းတွေ အကုန် ရှာဖွေတွေ့ရှိတဲ့အထိ ရအောင်ရှာပေးနေအုံးမှာပါ” ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဆင်ဟွာသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ တောင်ပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ တောင်ပြိုကျခဲ့သည့် နေရာ၌ ထပ်မံတောင်ပြိုကျနိုင်သည့် အလားအလာများရှိသဖြင့် အန္တရာယ်ကင်းရှင်းသည့် အစီစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ၊ ကားများ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။(Xinhua)