Connect with us

Environment, Disasters & Accidents

တစ်နိုင်လုံးအတိုင်းအတာဖြင့် မိုးကြီးနိုင်၊အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုများလာကြောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လျက်ရှိပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် မိုးကြီးနိုင်ကြောင်း၊ မုတ်သုံပိုမိုအားကောင်းနိုင်ကြောင်း၊ ယခုနှစ် ဇူလိုင်လ နှင့် သြဂုတ် တွင် မိုးလယ်မုတ်သုံအားကောင်းလျက်ရှိကာ ရာသီဥတုပြောင်းလာသည့် အတွက် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုများလာကြောင်း၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဆင်ဟွာကိုပြောသည်။

ဒေါက်တာသန်းနိုင်က “အဲ့လိုအစွန်းရောက်ရာသီဥတုတွေ ပိုများလာတဲ့အတွက် ပြည်သူတွေ မိုးလေဝသ အခြေအနေ တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့အတွက် ထုတ်လွှင့်ပေးဖို့လိုတယ်။ ၅မိနစ်၊ ၁၀ မိနစ် ၁ ကြိမ် ဥပမာ- ကိုရီးယား ဇာတ်လမ်းတွဲ အောက်မှာ စာတမ်းထိုးတာမျိုး ပေါ့ ရုပ်မြင်သံကြားတွေ ထုတ်လွှင့်သင့်တယ်လို့ထင်ပါတယ်’’ ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

လက်ရှိတွင် မုတ်သုံမိုးများနေသည့်အတွက် မြစ်ရေသတိပေးချက်များကိုလည်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ၎င်းတို့၏ facebook စာမျက်နှာတွင် စဉ်ဆက်မပြတ်ထုတ်ပြန်လျက်ရှိသည်။

ဒေါက်တာသန်းနိုင်က “မိုးများတဲ့ အတွက် မြစ်အနီးနေထိုင်သူတွေအနေနဲ့ အထူးသတိပြုသင့်ပါတယ်။ ကမ်းပါးပြိုတာတွေ ဖြစ်နိုင်တယ်။ မိုးတွေ ဆက်တိုက်ရွာတဲ့ အခါ ကမ်းပါးတို့ တောင်တို့လည်း ပြိုနိုင်တယ်။ မိုးဦးမှာ ရွာခဲ့တဲ့ မိုးတွေက မြေဆီလွှာကိုပြည့်ဝစေပြီး နောက်ရွာတဲ့ မိုးက အပိုအလျှံတွေဖြစ်ပြီး မြေကြီးကပျော်သွားတဲ့ အခြေအနေမှာရှိပါတယ်’’ ပြောသည်။

မိုးဆက်ပိုနိုင်သည့်အတွက် ပြည်သူများ အနေဖြင့်လည်း အထူးဂရုပြုနေထိုင်သင့်ကြောင်း ၎င်းကဆိုသည်။

ယခုနှစ်သည် ယခင်နှစ်ထက် မိုးရေချိန် ပိုမိုများပြားလျက်ရှိကြောင်း၊ သြဂုတ် ၈ ရက် မှ ၁၁ ရက် အထိ မွန်ပြည်နယ်၊ ပေါင်မြို့တွင် မိုးရေချိန် ၁၂၀၀ မီလီမီတာရွာသွန်းခဲ့ကြောင်း ၎င်း ကဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်တွက် ပါရှိသည်။ (Xinhua)