Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံရ

နံ့သာကျွန်းနှင့် မေယုမြစ်ဝတွင် ကျက်စားနေသော သားငှက် တိရိစ္ဆာန်များအား တွေ့ရစဉ်(ဓာတ်ပုံ - Ramsar Website)

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ခြောက်ခုမြောက် ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝကို  သတ်မှတ်ခြင်းခံခဲ့ရသဖြင့် နိုင်ငံအတွက် ဂုဏ်ယူမိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန ၊ သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဇော်ထွန်းက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ နိုင်ငံ အတွက် ခြောက်ခုမြောက် ရမ်ဆာဒေသ အဖြစ် နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ယနေ့ သတ်မှတ်ခံရတဲ့ အတွက် အလွန်ဂုဏ်ယူမိပါတယ်။ သစ်တောဦးစီးဌာန အနေနဲ့ နော်ဝေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီနဲ့ ရမ်ဆာ ပညာရှင်များ နှင့် အတူ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရမ်ဆာ ကွန်ဗင်းရှင်းရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေကို စာရင်းပြုစုနေပြီးတော့ အဲဒီအလားအလာ ရှိတဲ့ နေရာတွေ စာရင်းကို ထည့်သွင်း ဖော်ပြထားတဲ့ Ramsar Designation Strategy ကို ပြင်ဆင်ရေးဆွဲနေပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဇော်ထွန်းက ပြောကြားခဲ့သည်။ 

နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ယနေ့ မေ ၂၂ ရက် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲနေ့ (International Day for Biological Diversity)တွင် ရမ်ဆာကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးမှ သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ 

နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်အကြား တည်ရှိပြီး ဧရိယာအားဖြင့် ဟက်တာပေါင်း ၃၆၀၈ ဟက်တာ (၈၉၁၆ ဧကခန့်) သာ ကျယ်ဝန်းသော်လည်း ငါး၊ ပုစွန်၊ ခရု၊ ကဏန်း စသည်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော/ လတာပြင်များရှိသည့်အတွက် ဇီဝမျိုးစုံ မျိုးကွဲစုံလင်ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀၀ ခန့်သာ ကျန်ရှိတော့သည့် ရေညှောင့်နှုတ် ဂိုင်းငှက်ကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့်အထိ နှစ်စဉ် လာရောက် ဆောင်းခိုလေ့ရှိသည့်အပြင် မျိုးသုဉ်းရန် အန္တရာယ်ရှိသော ပင်လယ်လိပ်ကြီးများလည်း တက်ရောက် ဥ အု ကျက်စားလေ့ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၀၄)၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော (၂၀၁၆)၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၇)၊မုတ္တမပင်လယ်ကွေ့ဒေသ(၂၀၁၇) ၊ အင်းလေး ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၈) တို့အား ရမ်ဆာဒေသ အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ဆဋ္ဌမမြောက် ရမ်ဆာ ဒေသဖြစ်လာ သည့်အတွက် ယခုအခါ မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် အရေးပါသော ရမ်ဆာရေဝပ်သခြောက်ခု ၊ ဧရိယာ ၂၇၈,၆၆၉ ဟက်တာရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၀၅ ခုနှစ် ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွင်းရှိ ရေဝပ် ဒေသအားလုံးကို ဒေသခံများ၏ အခြေခံစားဝတ်နေရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် လျော့နည်းစေခြင်း၊ ထိန်းညှိခြင်းတို့အတွက် အကျိုးရှိစွာအသုံးချခြင်း၊ နိုင်ငံတကာ အဆင့်အရေးပါသော ရေဝပ်ဒေသများ (ရမ်ဆာဒေသ) ကို ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် ပူးတွဲပိုင်ဆိုင်သည့် ရေအရင်းအမြစ်များနှင့် မျိုးစိတ်များအပေါ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ကွန်ဗင်းရှင်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.