Connect with us

Environment, Disasters & Accidents

လာမည့် ၃ ရက်အတွင်း မိုးကြီး၍ ရေကြီး ရေလျှံမှုများ ဖြစ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နေသည့် အင်းတော်မြို့ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်း နေခြင်းကြောင့် နောက် ၃ ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင်သည့် အတွက် ရေကြီးရေလျှံမှု ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ သတင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲ ၃၈ မီလီမီတာ နှင့်အထက် ရွာသွန်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူက “ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ် ရှိတယ်။ မြစ်ငယ် ချောင်းငယ်အနီးမှာ နေထိုင်သူတွေ အနေနဲ့ မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တယ်။ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကြေညာချက်လည်း ထုတ်ထားပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မ ၇၇ မီလီမီတာ နှင့် အထက် ရွာသွန်း နိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက မှသိရသည်။ ကချင်ပြည်နယ် တွင်လည်း မိုး ဆက်လက် ရွာသွန်းမှုကြောင့် မော်လူး-နန့်စီးအောင် လမ်းပိုင်း မိုင်တိုင် (၆၀၇/၁၁) ရှိ ပေ ၁၄၀ ရှည်သော တံတား အမှတ် (၅၀၄) မြစ်ကြီးနား ဘက်ကမ်း ကပ်ခုံတို့မှာ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွေ ရေအနက် ၅ ပေခန့် နစ်မြုပ်ခဲ့ကြောင်း သိရသည်။ ရေလွှမ်းမိုးမှု ကြောင့် မြစ်ကြီးနား ဘက်ခြမ်းရှိ ဂါဒေါင်ပေါင်များ၊ အနောက်ဘက်သို့ ၆ ပေရွေ့သွားပြီး၊မန္တလေး ဘက်ခြမ်းရှိ ပေ ၄၀ ဂါဒေါင်ပေါင်သည် လည်း အနောက်ဘက်သို့ ၆ ပေရွေ့သွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် နေ့စဉ် မိုးဆက်တိုက်ကြီးခဲ့သည့်အတွက် ဇူလိုင်လ ၂၃ ရက် ညနေဘက်တွင် မိုးရေချိန် ၇.၂၁ လက်မ ရှိခဲ့ပြီး သံတောင်ကြီးဘက်တွင် မြေပြိုမှုများ ဖြစ်ခဲသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)