Connect with us

Environment, Disasters & Accidents

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်

၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ မိုးရွာသွန်းပြီးနောက် ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင်းဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ တို့တွင် ဆက်လက်တည်ရှိနေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့်  မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းမည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

“လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်  ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီ တိုင်းဒေသကြီး  ၂ ရက်အတွင်းနေရာကွက်ပြီးမိုးကြီးနိုင်တယ်။ မြစ်ဝကျွန်းပေါ်ဒေသတွေကတော့ မိုးထစ်ချုန်းနိုင်တဲ့အတွက် မိုးကြိုးပစ်တာ ကို သတိထားဖို့ လိုအပ်တယ်။’’ ဟု ၎င်းကဆက်ပြောသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ကြောင်း၊လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။  (Xinhua)