Connect with us

Environment, Disasters & Accidents

လေပြင်းတိုက်ခတ်မှုကြောင့် ခရီးသည်တင် ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင်

ကျောက်တန်းပေါ်တင်နေသော ရေယာဉ်တစ်စီးအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ကျောက်ငူကျေးရွာ အနီးတွင် မေ ၂၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ခရီးသည်တင် ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့ ခမောက်မော်ရွာသို့ ထွက်ခွာလာသည့် စိုးလင်းကျော် (၅)ရေယာဉ်သည် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ငူကျေးရွာဆိပ်ကမ်းသို့ အရေးပေါ် ဆိပ်ကပ်စဉ် ရေအောက်ရှိ ကျောက်တန်းပေါ်သို့ တင်သွားခဲ့ရာ မြို့သစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက ရေယာဉ်ပေါ်ပါ ခရီးသည်များကို ဆိပ်ကမ်းပေါ်သို့ ရောက်ရှိရေး ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် ခရီးသည် (၇၀) ဦးလိုက်ပါစီးနင်း လာခဲ့ကြပြီး ကျောက်ငူကျေးရွာ ဘုန်းကြီးကျောင်းတွင် (၃၇) ဦးကိုလည်းကောင်း၊ ကျောက်ငူကျေးရွာအတွင်းရှိ အသိမိတ်ဆွေများ၏ နေအိမ်များတွင် လည်းကောင်း ခေတ္တနားခိုရန် စီစဉ်ပေးထားကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။(Xinhua)