Connect with us

Environment, Disasters & Accidents

ဧပြီလတွင် နေ့အပူချိန်မြင့်တက်မှုကြောင့် လေပြင်းတိုက်ခတ်ခြင်း ၊မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ လေပြင်းတိုက်၊ မိုးရွာနေချိန် စက်ဘီးဖြင့် သွားလာနေသူ ၂ ဦးအား ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဧပြီ ၁ ရက် (ဆင်ဟွာ)
ဧပြီလအတွင်းနေ့အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၁ ရက်တွင် ပြောသည်။

ဦးလှထွန်းက “နွေရာသီနေ့အပူချိန်တွေတိုးပြီးဖြစ်တာ။ နေ့အပူချိန်တိုးတဲ့နေရာတွေမှာ အခုလိုဖြစ်စဉ်တွေက ပိုပြီးဖြစ်နိုင်ပါတယ်။မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေက မြန်မာနိုင်ငံ အထက်ပိုင်း နဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်း တွေမှာ ဖြစ်နိုင်တယ်။ လေပြင်းတိုက်ခတ်ခြင်းကတော့ မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တစ်ပြည်လုံးလိုလိုက နေ့အပူချိန်တိုးလာတယ်’’ ဟုပြောသည်။

လေပြင်းတိုက်ခတ်သည့်အချိန်တွင် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံ၌ ဧပြီလ နှင့် မေလသည် မိုးမရွာမီအချိန်အထိ အပူဆုံးလများဖြစ်ကြကြောင်း ဦးလှထွန်းက ဆိုသည်။

“လက်ရှိမြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးတိုင်းဒေသကြီးကတော့ မကွေးတိုင်းဒေသကြီးဖြစ်တယ်။ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဆိုရင် လက်ရှိနေ့အပူချိန်က ၃၉ ဒီဂရီစင်တီဂရိတ်မှာ ရှိပါတယ်’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိ နေ့အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် ရှိပြီး၊ နေပြည်တော်တွင် နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် ဧပြီလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်းကြိုတင်သတိပြုကြရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။ (Xinhua)