Environment, Disasters & Accidents
သဘာဝ ဘေးဒဏ်ကြောင့် ဆုံးရှုံးမှု လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံကို သဘာဝဘေးဒဏ်မှ ဘေးကင်း လုံခြုံပြီး ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း ရှိစေရန် အတွက် ကောင်းမွန် ပြည့်စုံသည့် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်း စီမံချက် ရေးဆွဲနိုင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၊ Park Royal ဟိုတယ်တွင် ယနေ့ နံနက် ၉ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နာရီအထိ ပြုလုပ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်း ကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်း စီမံချက် (MAPDRR:_ Myanmar Action Plan for Disaster Rick Reduction) ဆောင်ရွက်ရာမှ ရရှိခဲ့သော သင်ခန်းစာများ၊ အောင်မြင်မှု ရလဒ်များအား အခြေခံ၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကတိ ကဝတ်များ၊ သဘောတူချက်များ၊ မူဘောင်များကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဆီလျော်အောင် ပြောင်းလဲကာ ပိုမို ကောင်းမွန် ပြည့်စုံသည့် MAPDRR အသစ်ကို ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံရပြီးနောက် MAPDRR ကို ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်က စတင် ကျင့်သုံးခဲ့ရာ အထိုက်အလျောက် အသုံးတည့်ခဲ့သော်လည်း အားနည်းချက်များ ရှိနေဆဲ ဖြစ်သောကြောင့် လက်ရှိ ကျင့်သုံးနေသည့် MAPDRR အဟောင်းကို အခြေခံပြီး ပိုမိုကောင်းမွန် ပြည့်စုံသည့် MAPDRR အသစ် ရေးဆွဲရခြင်း ဖြစ်ကြောင်းလည်း UNDP မှ Environmental Governance and Disaster Resilience အဖွဲ့ခေါင်းဆောင် ဒေါ်လတ်လတ်အေးက အစည်းအဝေး အစတွင် တက်ရောက်သူများကို ပြောခဲ့သည်။
“သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန တစ်ခုတည်းရဲ့ လုပ်ငန်း မဟုတ်ပါဘူး။ နောက်ပြီး ၂၀၁၂ ခုနှစ်မှာ စတင် ကျင့်သုံးခဲ့တဲ့ MAPDRR မှာ လိုအပ်ချက်တွေ အများကြီး ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒါကို အကောင်အထည် ဖော်ခြင်းဖြင့် ဒါနဲ့ပတ်သက်တဲ့ capacity building တွေ တိုးလာပါတယ်။ ခန ခန ဖြစ်နေတဲ့ disaster တွေကြောင့်လည်း capacity တွေ ပိုတိုးလာပါတယ်။ နာဂစ်မုန်တိုင်း နောက်ပိုင်း ရှစ်နှစ်အတွင်းမှာ disaster တွေ အတော်များများ ထပ်ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကို အခြေခံပြီး ပိုပြည့်စုံတဲ့ MAPDRR အသစ်ကို ရေးကြရမှာပါ။ DRR (Disaster Risk reduction) ဆိုတာ သဘာဝ ဘေးကြောင့် ပျက်စီး ဆုံးရှုံးနိုင်ခြေတွေကို ဖော်ထုတ်ပြီး အဲဒါတွေကို လျှော့ချရတဲ့၊ သိပ္ပံနည်းကျ လုပ်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်ကလည်း သဘာဝ ဘေးသင့်မှုအပေါ် “ကောလင်းမြို့ အထက်ပိုင်း ဒေါင်းမြူးချောင်းရဲ့ အထက်မှာ ရွှေလုပ်ကွက် လုပ်နေတာတွေ၊ ကောလင်းမြို့ကွက်သစ်တွေ တိုးချဲ့တဲ့အခါ ရေနုတ်မြောင်းတွေကို တစ်ပေစီ နှစ်ပေစီ ခိုးယူထားတာတွေကြောင့် ချောင်းတွေ ရေမြောင်းတွေ ကောပြီး ရေကြီးရတာလည်း ရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ မြစ်ကမ်းဘေးက မြို့တွေက မြစ်တွေထက် နိမ့်ပြီး တည်ဆောက်ထားလို့ မြစ်ကမ်းပါးထိန်း တာတွေကို ဆောက်ရတယ်။ အဲဒီ မြေသားတာတွေကို ကြွက်ဖောက်လို့ဂလိုင်ဖြစ်ပြီး တာတွေ ကျိုး ၊ မြစ်ကမ်းပါး ပြိုတာတွေ တောက်လျှောက် ကြုံခဲ့ကြရတယ်၊ အသေးလေးကနေ အကြီးကြီးအထိ ဖြစ်နိုင်တာတွေကို အားလုံးက ပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေ လိုပါတယ်” ဟု အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲအတွက် အဖွင့် တင်ပြချက်များ ပြောကြားအပြီးတွင် UNDP ၏ Framework for Disaster Risk Reduction (2015-2030) ကို ဆွေးနွေးပွဲသို့ချပြကာ တက်ရောက်သူများက ညနေပိုင်းအထိ ဆက်လက် ဆွေးနွေးကြသည်။ (Xinhua)