Connect with us

Environment, Disasters & Accidents

၂၀၁၆ ပထမ နှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၂,၂၀၀ ကျော် သေဆုံး

ဆိပ်ကမ်းမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့်ကမ်းနား လမ်းပေါ်တွင် အရှိန်ပြင်း မောင်းနှင်သော ကုန်သေတ္တာတင်ကားက လျှပ်စစ်ရထား လမ်းဘေးရှိ ကွန်ကရစ် ကပ်တုံး ၁၄ တုံးအား တိုက်မိမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-Yangon Traffic Police)

နေပြည်တော်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော် နယ်မြေနှင့် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရှိသော နယ်မြေအားလုံးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၁၅ ရက်၊ ပထမ နှစ်ဝက်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၂,၂၂၉ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေပြည်တော် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးက ပြောသည်။

“တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော် တို့မှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ယာဉ်မတော်တဆမှု ၇,၃၄၈ မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၁၂,၀၁၈ ဦး၊ သေဆုံးသူ ၂,၂၂၉ ဦး ရှိခဲ့ပါတယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ တစ်ရက်မှာ မတော်တဆမှု ၄၃ မှု ၊ ဒဏ်ရာရသူ ၆၆ ဦးနဲ့ သေဆုံးသူ ၁၂ ဦးနှုန်း ပျမ်းမျှ ရှိခဲ့ပါတယ်” ဟု နေပြည်တော် အမှတ်(၁) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ ရဲမှူးကြီး ရဲခိုင်က ပြောသည်။
ပြီးခဲ့သည့် မေလ တစ်လတည်းမှာပင် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၁,၃၃၂ မှု၊ ဒဏ်ရာရသူ ၂,၀၃၉ ဦး၊ သေဆုံးသူ ၃၈၇ ဦး ရှိခဲ့ပြီး ယာဉ်ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၃,၇၂၄ သိန်းခန့် ရှိခဲ့သည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အနက် မေလအတွင်း ယာဉ်မတော်တဆမှု၊ သေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲခူးတိုင်းဒေသကြီး နှင့် တတိယ အများဆုံးမှာ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ပါရှိသည်။
သြင်္ကန်ပွဲတော်ရှိသည့် ပြီးခဲ့သည့် ဧပြီလအတွင်း ယဉ်မတော်တဆ ဖြစ်ပွားမှု သေဆုံးမှု အရေအတွက် တို့တွင်မူ ပဲခူး တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး၊ ဧရာဝတီတိုင်း ဒေသကြီးက ဒုတိယလိုက်ကာ ရန်ကုန်တိုင်းဒေသကြီးက တတိယနေရာတွင် ရှိခဲ့သည်။ ထိုလတွင် ဖြစ်ပွားမှု ၁,၆၅၉ မှု၊ ဒဏ်ရာရသူ ၃,၀၄၉ ဦး၊ သေဆုံးသူ ၃၈၇ ဦး ရှိခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှ ၅၆ မှု၊ ဒဏ်ရာရသူ ၁၀၂ ဦး၊ သေဆုံး ၁၈ ဦး နှုန်း ရှိခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုများကို စစ်ဆေးသည့်အခါ ယာဉ်မောင်းလိုင်စင် မရှိသူများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသူများ ဖြစ်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြောသည်။
“ ယာဉ်မတော်တဆမှု လျော့နည်းအောင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲတွေ အလိုက် အသိပညာပေး ဟောပြောမှုတွေလည်း လုပ်နေပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာအောင် ဆောင်ရွက်ရာမှာ ယာဉ်ထိန်းတပ်ဖွဲ့နဲ့တင် မရပါဘူး၊ ပြည်သူတွေအားလုံး ပူးပေါင်း ပါဝင်ဖို့လိုပါတယ်၊ ကိုယ့် မိသားစု ဆွေမျိုးတွေကို မူးရင် မမောင်းဖို့၊ အရှိန်ပြင်းပြင်း မမောင်းဖို့၊ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးတပ်ဖို့၊ လမ်းဖြတ်ကူးရင် သတိထားဖို့၊ ကားလမ်းပေါ် လမ်းလျှောက်တဲ့အခါ ယာဉ်ကြောကို မျက်နှာမူပြီး လျှောက်ဖို့အမြဲ သတိပေးနေတဲ့ နည်းနဲ့ ပူးပေါင်း ပါဝင်ကြဖို့လိုပါတယ်”ဟု ဒုတိယ ရဲမှူးကြီး ရဲခိုင်က တိုက်တွန်း ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲများ အလိုက် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် မေလတွင် ပညာပေး ဟောပြောမှု ၉၉၂ ကြိမ် ရှိခဲ့ပြီး ကျောင်းသူ ကျောင်းသား ၅,၃၅၂ ဦး၊ ပြည်သူ ၅၅,၉၃၆ ဦး၊ ယာဉ်မောင်း နောက်လိုက် ၁၆,၂၅၇ ဦး၊ အနှေးယာဉ် လုပ်သား ၂၆၃ ဦး၊ ဝန်ထမ်း ၅,၈၁၆ ဦး၊ စုစုပေါင်း ၈၄,၇၃၁ ဦးတို့ကို ပညာပေးနိုင်ခဲ့ကြောင်းလည်း ရဲမှူးကြီးက ပြောသည်။
၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၅,၄၀၆ မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၂၅,၆၁၄ ဦး၊ သေဆုံးသူ ၄,၂၃၃ ဦး ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.