Environment, Disasters & Accidents
အနောက်တောင်မုတ်သုံလေ အောက်တိုဘာ ၃ ရက် မှ ၇ ရက်အတွင်း ဆုတ်ခွာမည်
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၃)ရက်မှ (၇)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် (၄)ရက်မှ (၆)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် အောက်တိုဘာလပထမ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၃-ပေ မှ ၄-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေ မှ ၃-ပေခန့်မြင့်တက်လာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် အောက်တိုဘာလပထမ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် ၁-ပေ မှ ၃-ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)