Connect with us

Environment, Disasters & Accidents

ဖားကန့်၌ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်းသို့ ကားတစ်စီးပြုတ်ကျပြီး လူ ၃ ဦးသေဆုံး

ကားပျောက်ကျသွားသော ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အား တွေ့ရစဉ်(ဓာတ်ပုံ-ဖားကန့် CJ)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်းသို့ ယနေ့ (ဇွန် ၉ ရက်)နံနက် ၉ နာရီကျော်ခန့်က ကားတစ်စီးပြုတ်ကျပြီး လူ (၃) ဦးသေဆုံးကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ခုထိ ကားနဲ့ လူတွေပြန်မဆယ်ရသေးဘူး၊ ကလေးတစ်ယောက်ရယ် အဖေရယ် အမေ ရယ် ကားပေါ်ပါတယ်လို့ သိရတယ်၊ သေဆုံးဖို့အလားအလာများတယ်၊ ရုပ်အလောင်းနဲ့ကား ရှာဖွေနေတယ်”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်းကျသွားသည့် မိသားစုဝင် ၃ ဦးသည် မှော်မောင်းလျှံကျေးရွာမှတဆင့် ဖားကန့်ပြည်သူ့ဆေးရုံ၌ ၎င်းတို့၏ကလေးဖြစ်သူအား ကာကွယ်ဆေးထိုးပေးရန် ထွက်ခွာလာစဥ် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယင်း လုပ်ကွက်ဟောင်းကန်အတွင်း ပြုတ်ကျသွားသည့် ကားနှင့်မိသားစုဝင် ၃ ဦးအား သယ်ထုတ်ရန်ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ (Xinhua)