Connect with us

Myanmar

မြန်မာနိုင်ငံ နေပြည်တော်တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ကျင်းပမည်

မြန်မာနိုင်ငံ နေပြည်တော်တွင် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ထားမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း MSME ထုတ်ကုန်များ အရောင်းပြပွဲအခမ်းအနားဖြစ်မြောက်ရေးဆပ်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

“ ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေကနေ ဆိုင်ခန်းတွေလာဖွင့်မယ်၊ ကိုယ့်ဒေသထွက် ထုတ်ကုန်တွေ စားစရာတွေကို တစ်နေရာထဲမှာတွေ့ရမယ်၊တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မြင်တွေ့ရမယ့်ပြပွဲပါ” ဟုMSME ထုတ်ကုန်များ အရောင်းပြပွဲအခမ်းအနားဖြစ်မြောက်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြခန်းသုံးခု ဖွင့်လှစ်ပြသမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန်နှင့်အတူ သီလဝါစက်မှုဇုန်တွင်ရှိသည့် ကုန်ထုတ်လုပ်ငန်းပြခန်း၊ MSME ပြခန်း၊ ဒေသထွက် စားသောက်ကုန်ပြခန်းများပြသမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသော သတင်းအရသိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ယင်း ပြပွဲကို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)