Connect with us

Politics, Law & Military

ကောလာဟလများ၊ ဘာသာရေး၊ လူမျိုးရေးများကြောင့် ရွေးကောက်ပွဲအား ထိခိုက်လာနိုင်ခြေမှာ ပွဲ နီးကပ်လာချိန်၌ ပိုမိုမြင့်တက်လာဟုဆို

နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး ရှင်းလင်း ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

လူထု စစ်တမ်းများအရ ရွေးကောက်ပွဲကို ထိခိုက်လာစေနိုင်သော၊ အခက်အခဲ ဖြစ်စေနိုင်သော အချက်များတွင် ပါဝင်သည့် ကောလာဟလများ၊ ဘာသာရေး၊ လူမျိုးရေးများ၏ ထိခိုက်လာနိုင်သော အခြေအနေမှာ ရွေးကောက်ပွဲ နီးကပ်လာချိန်၌ ပိုမိုမြင့်တက်လာကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ညနေ သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ပြည်သူလူထုရဲ့ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ကို ထိခိုက်လာနိုင်ခြေမှာ ရွေးကောက်ပွဲ နီးကပ်လာတာ နဲ့အမျှ တချို့ဟာတွေက များလာတာ တွေ့ရတယ်၊ ဥပမာအားဖြင့် သတင်းမှားတွေ၊ ကောလာဟလ တွေကြောင့် ထိခိုက်နိုင်ခြေက (အရင်ရှိခဲ့တဲ့)သုံးရာခိုင်နှုန်းထက် ပိုပြီး မြင့်တက်လာတာ တွေ့ရပါတယ်၊ ဘာသာရေး လူမျိုးရေးကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများလာတာ တွေ့ရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ရွေးကောက်ပွဲ အကြိုကာလ နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေ အဖျက်ခံရ တာတွေ၊ ပြသနာရှာ အငြင်းပွားမှုတွေ ဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်၊ လက်ရှိမှာတော့ ရွေးကောက်ပွဲ နီးကပ်လာတာနှင့်အမျှ အဆိုပါ ဖြစ်စဉ်များ ပိုမို မြင့်မားလာတာကို တွေ့နိုင်ပါတယ်” ဟုလည်း ဦးဇော်ဌေးက ပြောခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲကို မည်သည့်အရာများက အနှောင့်အယှက်ပေးလာနိုင်သလဲ၊ အခက်အခဲ ဖြစ်စေနိုင်သလဲဟူသည့် လူထု စစ်တမ်းအရ ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ကို ထိခိုက်လာနိုင်ခြေများတွင် COVID-19 က တစ်နိုင်ငံလုံး၏ သဘောထားအရ ၄၆ ရာခိုင်နှုန်း ရှိကြောင်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကြောင့် ထိခိုက်နိုင်ခြေက ၁၃ ရာခိုင်နှုန်း၊ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ထိခိုက်နိုင်ခြေက ၁၃ ရာခိုင်နှုန်း၊ အစိုးရနှင့် UEC အပေါ် ယုံကြည်မှုက ၇ ရာခိုင်နှုန်း၊ ကြိုတင်မဲများနှင့် ပတ်သက်ပြီး ခြောက်ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်များကြောင့်က လေးရာခိုင်နှုန်း၊ သတင်းမှားများ၊ ကောလာဟလများ၊ မဟုတ်မမှန် ဖြန့်ချိခြင်းများက သုံး ရာခိုင်နှုန်း၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲဆိုင်ရာ နားလည်မှု အားနည်းခြင်းက သုံးရာခိုင်နှုန်း၊ လူမျိုးရေး ဘာသာရေးနှင့်် ပတ်သက်ပြီး ထိခိုက်နိုင်ခြေက သုံးရာခိုင်နှုန်း၊ မဲစာရင်း မမှန်ကန်မှုက နှစ်ရာခိုင်နှုန်း ရှိကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ သတင်းမှားများ၊ ကောလာဟလများကြောင့် ထိခိုက်နိုင်ခြေနှင့် ဘာသာရေး လူမျိုးရေးကြောင့် ထိခိုက်နိုင်ခြေတို့က ပိုများလာသည်ကို တွေ့ရသောကြောင့် နိုင်ငံတော် သမ္မတရုံးက အမိန့် ထုတ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ သည်။

အဆိုပါ သမ္မတရုံး အမိန့်အမှတ် ၂၇ / ၂၀၂၀ အရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပုံစံ အမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင် အမျိုးမျိုးဖြင့် ဘာသာရေး လူမျိုးရေး အကြောင်းပြုပြီး စည်းရုံးခြင်း၊ ဆူပူမှု ဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာ အေးချမ်း သာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်း စသည့် တရားမဲ့ ပြုကျင့်မှုများအား တည်ဆဲ ဥပဒေ များဖြင့် ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အပေါင်း လက္ခဏာ ဖော်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“မတ်လတုန်းက World Bank က မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုကို ၀ ဒဿမ ၅ ရာခိုင်နှုန်းလို့ ခန့်မှန်းပါတယ်။ အခု နောက်ပိုင်းမှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF_ International Monetary Fund) က မှန်းထားတာက ၁ ဒဿမ ၄ ရာခိုင်နှုန်းတိုးတက်မယ်လို့ မှန်းထားပါတယ်။ မြန်မာနိုင်ငံ အစိုးရပိုင်းကတော့ ၄ ရာခိုင်နှုန်း တိုးတက်မယ်လို့ မှန်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုက Positive မှာ ရှိနေပါတယ်၊ ပြန်ကြည့်လိုက်ရင် တစ်ကမ္ဘာလုံးမှာ COVID-19 သက်ရောက်မှုကြောင့် နိုင်ငံတော်တော်များများက စီးပွားရေးမှာ အနုတ်လက္ခဏာ ပြကြပါတယ်၊ အိမ်နီးချင်းနိုင်ငံတချို့လည်း အနုတ်လက္ခဏာ ပြကြတာ များပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။ (Xinhua)