Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၇၅) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်မြောက် မင်္ဂလာရှိသောအခါသမယ၌ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၅)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့  အောက်တိုဘာ ၂၄ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရေးနှင့် လူသားအားလုံး၏စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးတို့ကို မြှင့်တင်ရေးတို့သည် ယနေ့ မျက်မှောက်ကာလတွင် အထူးလိုအပ်ချက်များဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် လူသားများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအပေါ် ခြိမ်းခြောက်မှုများမြင့်တက်လာမှု၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ မညီမျှမှုများ ပိုမိုကြီးထွားလာမှုနှင့် ခြိမ်းခြောက်နေသော ရာသီဥတုပြောင်းလဲမှုစသည့် မြောက်မြားစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းစိန်ခေါ်မှုများထက် ပိုမိုဆိုးရွားသည့် COVID-19 ကူးစက်ရောဂါပိုးအသစ်သည် ဆင်းရဲ၊ ချမ်းသာနိုင်ငံမရွေး ပျံ့နှံ့ဝင်ရောက်လျက် လူဦးရေ ၁ သန်းကျော်ကို အသက်ဆုံးရှုံးမှု၊ လူသန်းပေါင်းများစွာကို ရောဂါကူးစက်မှုဖြစ်စေခဲ့သည့်အပြင် ကမ္ဘာတစ်ဝန်း ဆိုးရွားပြင်းထန်သည့် လူမှုစီးပွားရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သမ္မတ၏သဝဏ်လွှာတွင် ဖော်ပြထားသည်။

စင်စစ်အားဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မျက်မှောက်ကာလ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတစ်ရပ်ပင် ဖြစ်ကြောင်း၊ ယင်းအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးတွင် ထိုကပ်ရောဂါသည် နိုင်ငံတကာအသိုက်အဝန်း၏ စည်းလုံးမှုနှင့်ညီညွတ်မှုအပေါ် စမ်းသပ်မှုတစ်ရပ်ဖြစ်စေ သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုမဖြစ်မနေ ပြုလုပ်ကြရန်အတွက် တိုက်ပွဲခေါ်သံတစ်ခုလည်း ဖြစ်ကြောင်း၊ ကပ်ရောဂါကြောင့် ဆိုးရွားသော သက်ရောက်မှုများဖြစ်ပေါ်နေသည့် အခြေအနေတွင် အဆိုပါဘုံရန်သူကို တိုက်ထုတ်နိုင်ရန်နှင့် အရင်းအမြစ်များကို စုစည်းရန်အတွက် တစ်ကမ္ဘာလုံး ပေါင်းစည်း ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ယခုကဲ့သို့ အလွန်အရေးကြီးသည့်အချိန်တွင် လူသားတို့၏ ဘုံစိန်ခေါ်မှုများကို တုံ့ပြန်ရာ၌ ကျွန်ုပ်တို့၏ စုပေါင်းအင်အားများ ဟန်ချက်ညီမျှစေရန်အတွက် ပိုမိုခိုင်မာသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ယခင်ကထက် ပိုမိုလိုအပ်လာကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

ထို့ကြောင့် “ကျွန်ုပ်တို့ လိုလားသောအနာဂတ်၊ ကျွန်ုပ်တို့လိုအပ်သော ကုလသမဂ္ဂ – နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒအပေါ် ကျွန်ုပ်တို့၏ ဘုံကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း COVID-19 ရောဂါကို ထိရောက်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ရင်ဆိုင်တုံ့ပြန်ခြင်း” ဟူသည့် ယခုနှစ် ကုလ သမဂ္ဂ၏ဆောင်ပုဒ်သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး စိတ်ဓာတ်ကို ပြန်လည်အားသစ်လောင်းရန် လိုအပ်လျက်ရှိသည့် လက်ရှိအခြေအနေကို အမှန်တကယ်ထင်ဟပ်စေကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးသည် လွန်ခဲ့သည့်(၇၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သကဲ့သို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ တရားမျှတမှု၊ ဥပဒေနှင့်အညီဖြစ်စေမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ လူမှု-စီးပွား ဘဝတိုးတက်မြင့်မားရေးအတွက် ကျွန်ုပ်တို့၏ စုပေါင်း ကြိုးပမ်းမှုများကို ကိုယ်စားပြု ဆောင်ကြဉ်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် မပြည့်စုံမှုများရှိလင့်ကစား ကမ္ဘာကြီးအား လွန်ခဲ့သည် (၇၅)နှစ်ကထက် သိသိ သာသာ ပိုမိုကောင်းမွန်သည့် နေရာတစ်ခုဖြစ်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ စစ်ကြီးများမဖြစ်ပွားရန် ကူညီတားဆီးနိုင်ခဲ့ပြီး လူသန်းပေါင်းများစွာကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများမှ ကယ်တင်နိုင်ခဲ့သည့်အပြင် ပျမ်းမျှလူ့သက်တမ်းကိုလည်း ယခင်ကထက်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခုဖန်တီးရေးမျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်နှင့် ကျွန်ုပ်တို့လိုလားသည့် အနာဂတ်ကိုပုံဖော်ရန်တို့အတွက် နိုင်ငံစုံပူးပေါင်း ကြိုးပမ်းအားထုတ်မှုများကို ကုလသမဂ္ဂထက် ပိုမိုကောင်းမွန်စွာ ဦးဆောင်ထိန်းကျောင်းပေးနိုင်သည့် အဖွဲ့ အစည်းမရှိသေးကြောင်း သဝဏ်လွှာတွင်ဖော်ပြပါရှိသည်။

၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက် ခဲ့စဉ်မှစ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် တန်ဖိုးထားယုံကြည်မှု ဆက်လက်မြဲမြံခိုင်မာလျက်ရှိပြီး၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ရပ်ပင် ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

လူသားအားလုံးအတွက် ယနေ့အရေးကြီးဆုံးသောလုပ်ငန်းမှာ နိုင်ငံအားလုံးအတွက်ဘေးကင်းပြီး၊ လူတိုင်းလက်လှမ်းမီသည့် COVID-19 ရောဂါ ကာကွယ်ဆေး အချိန်မီရရှိရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများ မကျရောက်စေရေး နှင့် ဆင်းရဲနွမ်းပါးမှုများ ပိုမိုမဆိုးရွားစေရေးတို့အတွက် အားလုံးလက်တွဲဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးကို ရှေးရှုလျက် ရှုပ်ထွေးသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို  ဖြတ်သန်းနေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် COVID-19 အပါအဝင် မြောက်မြားစွာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအပြီးနှင့် ယင်းနောက်ပိုင်းတွင်လည်း ပိုမိုငြိမ်းချမ်းပြီး သာယာဝပြော၍ ကျန်းမာသောကမ္ဘာကြီးဆီသို့ ဦးတည်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကုလသမဂ္ဂအနေဖြင့် ဆက်လက်ဦးဆောင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ၎င်း၏သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)