Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲအတွက် သမ္မတအပါအဝင် ၄၄ ဦး ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံရေး အင်အားစုများ မှ ကိုယ်စားလှယ် (၄၄) ဦး တို့တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်း ငြိမ်ချမ်းရေး ရရှိရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါဝင် ၄၄ ဦးသည် နေပြည်တော် သမ္မတအိမ်တော်၌ ဧပြီလ (၈) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး၊ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနိုင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အေးအေး ချမ်းချမ်း အာဏာ လွဲပြောင်းပေးရေး အဓိက ဆွေးနွေးခဲ့ကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် တတ်နိုင်သလောက် ဝင်ကူညီပေးမယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ဧပြီလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်တော် အကြီးအကဲများ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံခဲ့သည်။

ယင်း ဆွေးနွေးပွဲကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာ၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနှင့် ကရင်ပြည်နယ်မှ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်ကြူးတို့ တက်ရောက် နိုင်ခြင်းမရှိဘဲ ဆွေးနွေးပွဲ တက်ရောက်သူ စုစုပေါင်း ၄၄ ဦးရှိသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်၌လည်း နေပြည်တော် သမ္မတ အိမ်တော်တွင် ၄၈ ဦးပါ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ (Xinhua)