Connect with us

Politics, Law & Military

စစ်တွေမြို့၌ ပဋိပက္ခပျံ့နှံ့မှုမရှိစေရန် ရဲတပ်ဖွဲ့ဝင်များ အထူးဆောင်ရွက်

စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားရာနေရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဋိပက္ခ ဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပြီး ပဋိပက္ခပျံ့နှံ့မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ အထူးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရွာကြီး မြောက်ရပ်ကွက် မီးခြစ်စက်လမ်း ရောင်နီဦးဆိပ်ကမ်းသို့ မော်တော်ဟောင်း တစ်စီးဝယ်ယူရန် ဆိပ်ကမ်းတစ်ဝိုက်ကြည့်ရှုနေသော လူ၇ဦးအား ဒေသခံအချို့မှ ခဲများဖြင့် ဝိုင်းဝန်း ပေါက်ခဲ့ရာ အဆိုပါ လူ၇ဦးပါအဖွဲ့မှ အသက် ၅၅ နှစ်ရှိ လူတစ်ဦး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများ ရရှိခဲ့၍ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးအား အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသလျက်ရှိပြီး ကျန် ၄ ဦးအား ဒါးပိုင်ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကေ်ာမတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ အာဏာပိုင်များက တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး အခြားနေရာများသို့ ပဋိပက္ခပျံ့နှံ့မှု ကူးစက်ခြင်း မရှိစေရန် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ခွဲချထားလျက်ရှိကြောင်း သိရသည်။

ယင်း ခဲများဖြင့် အပေါက်ခံရသော လူ၇ဦးသည် သက်သေခံထွက်ရန် တရားရုံးမှ ပြန်လာခဲ့ပြီးနောက် ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရဲလုံခြုံရေးတောင်းခံကာ ရောင်နီဦးဆိပ်ကမ်း သွားရောက် ခဲ့သည့် နောက်ခံအကြောင်းများ၊ ရောင်နီဦး ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အမှန်၊ ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စသည်တို့ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ရောင်နီဦး ဆိပ်ကမ်းဖြစ်စဉ်ကြောင့် အခြားနေရာများသို့ ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်းမရှိစေရန် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲချထားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.