Connect with us

Politics, Law & Military

တပ်မတော်က ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးတန်ဖိုး ၁၁ လအတွင်း ကျပ် ၈၃၇ ဘီလီယံ ရှိဟုဆို

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်တွင် (၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

တပ်မတော် အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိရာ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှနိုဝင်ဘာလ ၂၄ ရက်အထိ ၁၁ လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုမှာ စုစုပေါင်း တန်ဖိုး ကျပ် ၈၃၇ ဘီလီယံ ရှိကြောင်း နှင့် ရခိုင်ပြည်နယ်၌ နိုင်ငံပိုင် သဘာ၀ သယံဇာတ များ ခိုးထုတ်မှုကိုလည်း ကာကွယ်နိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဘိန်းဖြူ ၉၂၁ ကီလိုကျော်၊ ဘိန်းစိမ်း ၁၆၇၄ ကီလိုကျော်၊ ဘိန်းမည်း သုံးကီလိုကျော်၊ ဆေးခြောက် ၁၀၆ ကီလိုကျော်၊ စိတ်ကြွဆေးပြား ၂၃၇၅ သိန်း၊ အိုက်စ် ၂၁၁၃၉ ကီလိုနဲ့ အခြား မူးယစ်ဆေး ၅၀၄၆၆ ကီလိုကျော် ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာလ၂၄ ရက်အထိ တစ်လတာအတွင်းမှာပင် ဘိန်းဖြူ ၂၅ ကီလိုကျော်၊ ဘိန်းစိမ်း တစ်ကီလိုကျော်၊ စိတ်ကြွဆေးပြား ၆၅၄၄၀၈ ပြား၊ အိုက်စ် ၄၀၄ ကီလိုကျော်နှင့် အခြား မူးယစ်ဆေးဝါး ၁၈၉၀၅ ကီလိုကျော် ဖမ်းဆီးရရှိခဲ့ရာ တန်ဖိုးအားဖြင့် ကျပ် ၂၁ ဒသမ၄၆၈ ဘီလီယံ ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် တပ်မတော်(ရေ) အနေဖြင့် နိုင်ငံ ပိုင်နက် ပင်လယ်ပြင်အတွင်းတရားဥပဒေစိုးမိုးရေးနှင့် သဘာဝသယံဇာတ ခိုးထုတ်မှုများ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အနောက်ဘက် ပင်လယ်ပြင်နှင့် ဆက်စပ် မြစ်ချောင်းများ အတွင်း နေရာ ၁၁ နေရာတို့၌ ခိုအောင်းနေသည့် မှောင်ခို စက်လှေ ၁၂ စင်းနှင့် လူ ၆၁ ဦးတို့ကို တရားမဝင် သစ်များ ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ ကျွန်း၊ ပိတောက်၊ ကညင်နှင့် အခြားသစ်မျိုးစုံ၊အရွယ်စုံ သစ်တုံး နှစ်သောင်းကျော်ခန့် ကိုလည်း ကောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်သစ်မျိုးစုံ အတုံး ၁၅၀၀ ခန့်ကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ မှ နိုဝင်ဘာ၂၄ ရက်နေ့အထိ သစ်တန် စုစုပေါင်း၁၉၅၃ တန်၊ ခန့်မှန်း တန်ဖိုး ကျပ် သိန်းပေါင်း ၄၆၅၈၈ သိန်း တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းနှင့် မြန်မာ့ ရေပိုင်နက်တွင် ငါးခိုးဖမ်းသည့် စက်လှေ ၁၇ စင်းတို့ကို လည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.