Connect with us

Politics, Law & Military

သီလဝါဆိပ်ကမ်းရောက် LNG သိုလှောင်ရေးသင်္ဘောမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ LNG များ ပိုက်လိုင်းဖြင့် ပို့ဆောင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည်

သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော LNG သိုလှောင်ရေးသင်္ဘောကြီးအား တွေ့ရစဉ် (ဓာတ်ပုံ − MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

သီလဝါဆိပ်ကမ်းသို့ရောက်ရှိနေသော LNG ဓာတ်ငွေ့ရည် သိုလှောင်ရေးသင်္ဘောသည် LNG Cargo များအား လက်ခံသိုလှောင်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန် လိုအပ်သော LNG များကို ပိုက်လိုင်းဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။

“ဒီနေ့(နိုဝင်ဘာ ၂၇ ရက်)က စပြီး ဓာတ်အားလိုင်းချိတ်တာတွေ လုပ်ပြီး မကြာမီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်အောင် လုပ်မှာပါ၊ ဒီစီမံကိန်းကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မှုကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်” ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးအောင်စိုးက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆိုက်ကပ်လာသော အလျား(၂၇၂) မီတာ၊ တန်ချိန်(၁၀၆၂၈၃)ရှိသော China National Technical Import and Export Corporation (CNTIC) VPOWER ENERGY (LNG TO POWER) သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်း အကွက်အမှတ်(၁၄) Dolphin Jetty သို့ နိုဝင်ဘာလ (၂၆)ရက်နေ့က ဆိုက်ကပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်းအကွက်အမှတ် (၁၄) ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် ၅ နှစ်ကြာဆိုက်ကပ်ရပ်နား၍ LNG Cargo များအား လက်ခံသိုလှောင် သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောကြီးမှ Liquefied Natural Gas (LNG)ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ LNG ဓာတ်ငွေ့ရည်များပို့ဆောင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်္ဘောကြီးသို့ယင်းနှင့် တွဲလျက်ပါသော LNG တင်သင်္ဘောဖြင့် ၄ ရက်တစ်ကြိမ်၊ ၅ ရက်တစ်ကြိမ် LNG ကို လာရောက်ဖြည့်ပေးမည်ဖြစ်ကြောင်း၊ မြိတ်ကျွန်းစု သမီးလှကျွန်းနား၌ ဆိုက်ကပ်ထားသည့် တန်ချိန်တစ်သိန်းခွဲလောက်တင်ထားသည့်အခြား LNG တင် သင်္ဘောကြီးမှတစ်ဆင့် လိုအပ်သည့် LNG ကို ဖြည့်တင်းပြီး လျှပ်စစ်ဓာတ်အားပေးနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း သင်္ဘောဖြင့် လျှပ်စစ်ဓာတ်အားပေးမည့်စီမံကိန်းသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သော V Power Group အား လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ က V-Power LNG သင်္ဘောကြီးကို သီလဝါဆိပ်ကမ်းတွင် Floating Storage Unit( FTU) အဖြစ် ငါးနှစ်ကြာ ကျောက်ချရပ်နားပြီး LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)