Connect with us

Politics, Law & Military

အမျိုးသား အကျိုးစီးပွားကို လိုက်နာလေးစားသော မည်သည့် ပါတီ မဆို တပ်မတော်နှင့် မူဝါဒပိုင်း နီးကပ်ပြီးဖြစ်ကြောင်းဆို

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ /စိုးသန်းလင်း

ဒို့တာဝန်အရေးသုံးပါးနှင့် အမျိုးသား အကျိုးစီးပွား အပေါ် လိုက်နာ လေးစားသော မည်သည့် ပါတီ မဆို တပ်မတော်နှင့် မူဝါဒပိုင်းမှာ နီးကပ်ပြီး ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ပြောကြားခဲ့သည်။

“တပ်မတော်အနေနဲ့အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ နိုင်ငံရေး ပါတီများ ကတော့ ပါတီနိုင်ငံရေးက တစ်ဆင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေတာ ဖြစ်တယ်’’ မည်သည့် နိုင်ငံရေး ပါတီမဆို ဒို့တာဝန်အရေးသုံးပါးနဲ့ အမျိုးသား အကျိုး စီးပွားအပေါ်မှာ ကာကွယ်စောင့် ရှောက်ရမှာ ဖြစ်တယ်၊ ဒါတွေက ဘာလဲဆိုတော့ ကာကွယ်စောင့်ရှောက်ဖို့ လိုတယ် ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ နိုင်ငံရေး ပါတီများ အပိုင်းမှာ ပါပြီးသား ဖြစ်တယ်၊ ယေဘုယျ အားဖြင့် ခုနက ပြောတဲ့ အချက် တွေနဲ့ ပြည့်စုံတယ်ဆိုရင် တပ်မတော်ရဲ့ မူဝါဒ လမ်းစဉ်အရ မည်သည့် ပါတီမဆို နီးကပ်ပြီး ဖြစ်တယ် လို့ ပြောချင်တယ်” ဟု ၎င်းက ပြောခဲ့သည်။

ယနေ့ ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပုံမှန် သတင်းစာ ရှင်းလင်း ပွဲ၌ ဆင်ဟွာ သတင်းဌာန၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀ (စ) အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်ရေးကို အဓိက တာဝန်ရှိကြောင်း၊ ပုဒ်မ၂၀ (င)အရ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပြီး ပုဒ်မ ၆(စ) အရ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လာမည့် တတိယအကြိမ်လွှတ်တော်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြီးလျှင် ကိုယ်စားလှယ် ဦးရေ ဒုတိယ အများဆုံးဖြစ်သည့် တပ်မတော်သည် အဓိက အတိုက်အခံ အင်အားစုဖြစ်လာမည် လားဟူ၍ အများပြည်သူတို့ ထင်မြင် ယူဆ ချက်နှင့် ပတ်သက်ပြီး ၎င်းက “တပ်မတော်ဟာ နိုင်ငံရေး ပါတီမဟုတ်ပါဘူး၊ မဟုတ်တဲ့ အတွက် လွှတ်တော်ထဲမှာ အတိုက်အခံ ပါတီလိုမျိုး လုပ်စရာ အကြောင်း မရှိပါဘူး၊ သို့သော် လိုအပ်ချက်ရှိလာရင်တော့ အပြုသဘောနဲ့ ဝေဖန် ထောက်ပြတာမျိုး၊ ဥပဒေအရ အဆုံးအဖြတ်ပေးနိုင်ရန် ဆောင်ရွက်တာမျိုးပဲ ရှိပါမယ်” ဟုလည်း မီဒီယာများအား ဖြေကြားခဲ့သည်။ (Xinhua)