Connect with us

Politics, Law & Military

တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါရှိမှုကြောင့် လွှတ်တော် လုပ်ငန်း အခက်အခဲ မရှိဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြော

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“အခု လုပ်နေတာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်နေတာပါ၊ ဒါကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့မှ မဟုတ်ပါဘူး၊ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်တွေနဲ့ပဲဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်လို့အခက်အခဲ မရှိပါဘူး” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် NLD ပါတီ စတင် ဖွဲ့စည်း တည်ထောင်ခဲ့ကတည်းက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမူကို ချမှတ်ခဲ့သောကြောင့် မည်သည့် အဖွဲ့အစည်းနှင့် ဖြစ်စေ၊ ပါတီနှင့်ဖြစ်စေ အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

“ညှိနှိုင်း ဆောင်ရွက်မယ်၊ ဆွေးနွေးစရာရှိရင် ဆွေးနွေးမယ်၊ ငြင်းခုံစရာရှိရင် ငြင်းခုံမယ်၊ သို့သော် အားလုံးက ဆုံးဖြတ်ပြီးရင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မယ်၊ ဒါကြောင့် တပ်မတော်သားတွေ ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းတွေ အခက်အခဲ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

လွှတ်တော်များတွင် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တို့က အများစုဖြစ်နေပြီး ဥပဒေများ ပြင် ဆင်ခြင်း၊ ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်သည့် အခါ အချို့ပြင်ဆင် ဖျက်သိမ်းခြင်းတို့သည် ရှေ့ နောက် ညီညွတ်မှုမရှိသော်လည်း ဆန္ဒမဲ အများစုကြောင့်သာ အနိုင်ယူနေသကဲ့သို့ဖြစ်နေခြင်းအား မီဒီယာက မေးမြန်းခဲ့သည်ကို လွှတ်တော် ဥက္ကဋ္ဌက “ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီ ကျင့်စဉ် ရှိဖို့လိုပါတယ်၊ ဘယ်ကိုယ်စားလှယ် မဆို ဒီမိုကရေစီနိုင်ငံ တည်ထောင်ချင်ရင် ဒီမိုကရေစီ ကျင့်စဉ်ကို ဒီနေ့က စပြီး ကျင့်သုံးရမယ်၊ ကိုယ်လိုချင်တာ ရမှ မှန်တယ်၊ မရရင် မမှန်ဘူးဆိုတာ ဘယ်လို ဒီမိုကရေစီသမား ဖြစ်နိုင်မလဲ၊ ဒီမိုကရေစီဆိုတာ အများ ဆန္ဒကို လိုက်နာရမယ်၊ မဲခွဲ ဆုံးဖြတ်သူတွေကလည်း ပြည်သူက တင်မြှောက်လိုက်တဲ့သူတွေပါ၊ အချုပ်အခြာ အာဏာက ပြည်သူ့လက်ထဲမှာ ရှိတယ်၊ ဒီတော့ ပြည်သူတွေက မဲပေးလိုက်တာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ လိုက်နာရမှာပါပဲ၊ ဒါကြောင့် ဘယ်သူတွေက ဘယ်လိုပဲ ထင်မြင်ကြ ပြောကြပါစေ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

လွှတ်တော်က အတည်ပြုရန် အခွင့်အလမ်း ရှိခဲ့သည့် အဆိုအချို့မှာ အတည်ပြုသည့် အဆင့်သို့မရောက်ဘဲ မှတ်တမ်းတင်သည့် အဆင့်သာ ဖြစ်ခဲ့ရခြင်းကြောင့် အစိုးရအဖွဲ့အား လွှတ်တော်က check and balance လုပ်သည့် အပိုင်းတွင် အားနည်းသွားနိုင်မှု ရှိ မရှိနှင့် ပတ်သက်ပြီး မီဒီယာက မေးသည်ကို လွှတ်တော် ဥက္ကဋ္ဌက “ကိုယ့် အဆိုကို မှတ်တမ်းတင်ရမယ်၊ အတည်ဖြစ်ရမယ်လို့တရားသေသတ်မှတ်ထားလို့မရဘူး၊ လျှို့ဝှက်မဲပေးတဲ့ ဒီမိုကရေစီ စနစ်မှာ အများဆန္ဒကို လိုက်နာရမှာပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ယခု ပြီးခဲ့သည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် ဥပဒေပြုရေးနှင့် အစိုးရအဖွဲ့အား Check and balance လုပ်ရေးတို့အပေါ် အားရမှု ရှိသည်ဟုလည်း ၎င်းက မီဒီယာကို ပြောခဲ့သည်။

ယနေ့လွှတ်တော် သုံးရပ်၏ အစည်းအဝေးများ ပြီးဆုံးချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ပြုလုပ်ခဲ့သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ သတင်းစာဆရာ ၄၀ ဦးခန့် တက်ရောက်ခဲ့ ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း တက်ရောက်ခဲ့ကာ သတင်းထောက်များ၏ အမေးကို ဖြေကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.