Connect with us

Politics, Law & Military

မြန်မာ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းခြင်းကြောင့် တိုးတက်ရန် အလားအလာ ရှိဟု စီးပွားရေး ကျွမ်းကျင်သူများ သုံးသပ်

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့ တော် ဖြစ်သည့် ရန်ကုန်မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်သဖြင့် မြန်မာ့ စီးပွားရေးသည် တိုးတက်ရန် အလားအလာ မြင်လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဆင်ဟွာသို့ပြောသည်။

ယခုကဲ့သို့မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်သည့် အတွက် မြန်မာနိုင်ငံ နှင့် အမေရိကန် နိုင်ငံ ဆက်ဆံရေးသည် ပုံမှန်နီးပါး တိုးတက် ကောင်းမွန်လာခြင်းကို ပြနိုင်ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် မည်သည့် နိုင်ငံနှင့် မဆို လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များသည်လည်း ပြည်ပမှ ဝင်ရောက် ရင်းနှီးမြုပ်နှံသူများနှင့် လက်တွဲ ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၊ စည်းကမ်းသတ်မှတ်ချက်များ ၊ ပွင့်လင်းမှန်ကန်စွာ လုပ်ဆောင်ခြင်းများ ၊ လာဘ်ပေးလာဘ်ယူမှုများအား ခေတ်နှင့် အညီ လိုက်လျော ညီထွေစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် အထူး ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ ထားသူများ(SDN) စာရင်းထဲရှိ လုပ်ငန်းရှင်များအား ဖယ်ထုတ်ပေးလိုက်သည့် အတွက် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ပြန်လည် သွက်လက် လာမည့် အနေအထား ရှိပြီး စီးပွားရေးကို အကျိုးပြုနိုင်ခြေ ရှိကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားမှုများနှင့်ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူရန် ပြဌာန်းထားသည့် ဥပဒေ ဖြေလျှော့ပေးမှုများ ပါဝင်သည့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော အမျိုးသားအရေးပေါ်အက်ဥပဒေကို ရုပ်သိမ်းရန် အောက်တိုဘာ ၇ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

တိုင်းပြည် စီးပွားရေးတွင် ပိတ်ဆို့အရေးယူမှုများ ဖွင့်လိုက်သည့် အတွက် ချက်ချင်း တိုးတက်လာမည် မဟုတ်ဘဲ ပြင်ဆင်စရာများ ရှိနေသေးကြောင်း ၊ ပြည်တွင်း ဘဏ်လုပ်ငန်းများ တိုးတက်ရန် ပိတ်ဆို့ အရေးယူမှုသည် အကြောင်းရင်း တစ်ရပ်သာ ဖြစ်ပြီး တစ်ခြား စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD)ဘဏ်၏ အကြံပေး ဖြစ်သူ ဦးစိုးသိန်းက ဆင်ဟွာသို့ပြောသည်။

ယခင်က ပိတ်ဆို့အရေးယူမှုများ ရှိနေသည့် အတွက် အမေရိကန် ၊ ဥရောပ နိုင်ငံများနှင့် ငွေလွှဲပြောင်းမှု များတွင် အခက်အခဲ ရှိခဲ့ကြောင်း ၊ ယခုအခါတွင် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းလိုက်သည့် အတွက် ကာလတိုတွင် အကျိုးသက်ရောက်မှု သိသာမည် မဟုတ်ဘဲ ရေရှည်တွင် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ အသင်းချုပ် အတွင်းရေးမှုးချုပ် ဦးထွန်းလှအောင်က ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းလိုက်သည့် အတွက် ပတ္တမြား နှင့် နီလာ ဈေးကွက်များ ပိုမို ကျယ်ပြန့်ကောင်းမွန် လာနိုင်ကြောင်း ၊ အဓိက အနေဖြင့် မြန်မာဘက်မှ ဥပဒေပိုင်းဆိုင်ရာတွင် အခွန်နှင့် ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး နှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရာတွင် အမေရိကန် ဘဏ္ဍာရေးဌာန လက်အောက်ရှိ နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုများ ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် အထူး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားသူများ(SDN)စာရင်းတွင် ပါဝင်သည့် စစ်ဘက်ဆိုင်ရာ အငြိမ်းစား အရာရှိကြီးများ အပါအဝင် ဘဏ် နှင့် ကျောက်မျက် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ အကျုံးဝင် ခဲ့သော်လည်း မှုးယစ်ဆေးဝါး နှင့် သက်ဆိုင်သူများအား စာရင်းတွင်ဆက်လက် ထားရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.