Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၈၁ ဘီလီယံကျော် ဖမ်းဆီးရမိဟုဆို

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တပ်မတော်အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၈၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၇ ဘီလီယံကျော်၊ ၂၀၁၈ ခုနှစ်အတွင်း ကျပ် ၄၈ ဘီလီယံနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ သြဂုတ် ၁၅ ရက်နေထိ ကျပ် ၂၅ ဘီလီယံ စုစုပေါင်း ကျပ် ၈၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျပ် ၁၃၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကျပ် ၁၇ ဘီလီယံ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ကျပ် ၄၈ ဘီလီယံ၊ တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ကျပ် ၁၅ ဘီလီယံနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ကျပ် ၂၇ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်တွင် (ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၅ ရက်ထိ)တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျပ် ၂၁၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကျပ် ၂၅ ဘီလီယံ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ကျပ် ၁၇ ဘီလီယံ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကျပ် ၁၇ ဘီလီယံ၊တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ကျပ် ၃၅ ဘီလီယံနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကျပ် ၂၄ ဘီလီယံ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် နယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင်များတည်ရှိရာ နယ်မြေ/လှုပ်ရှားရာ နယ်မြေဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်သဖြင့် တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦး သတင်းမီဒီယာများကို ပြောသည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များကို အကြမ်းဖက်တိုက်ခိုက်လာမှုသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့် ဆက်စပ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွင် သုံးစွဲသည့် ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊လက်နက်ငယ် တန်ဖိုးမနည်းကြောင်း၊ ဝင်ငွေရအလွယ်ဆုံးနည်းသည် မူးယစ်ဆေးဝါးဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

ယင်း

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ရာတွင် ရှော့တိုက်ဒုံး အလုံး ၃၀ ခန့်အသုံးပြုခဲ့ပြီး အလုံး ၂၀ကျော် ပစ်ခဲ့နိုင်ကာ မပစ်လွှတ်ခဲ့သည့် ရှော့တိုက်ဒုံး ၆ လုံးတွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိ သြဂုတ်လ ၁၅ ရက်၌ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်တွင်း တံတား ၃စင်းပျက်စီးခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

တပ်မတော် အပစ်အခတ်ရပ်စဲသည့်ကာလ သက်တမ်းတိုး/မတိုးကိုမူ ၎င်းတို့ဆောင်ရွက်ချက်အပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.