Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အငြိမ်းစားယူရေးကို ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဟု ဆို

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်ထဲတွင် အသက် ၆၅ နှစ် ပြည့်မည်ဖြစ်ပြီး အငြိမ်းစား ယူရေးကို ဥပဒေအတိုင်းဆောင်ရွက်မည် ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ပြောကြား ခဲ့သည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၁ ထဲမှာ ၆၅ နှစ် ပြည့်မယ်၊ ၆၅ နှစ်ပြည့်ရင် အငြိမ်းစား ယူရေးက ဥပဒေအတိုင်းပဲ ဖြစ်ပါတယ်၊ မှန်ပါတယ်၊ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ မရှိပါဘူး” ဟု ၎င်းက ယနေ့ ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပုံမှန် သတင်းစာ ရှင်းလင်း ပွဲ၌ မီဒီယာသို့ ဖြေကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူး တာဝန်မှ အနားယူရေး ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မီဒီယာများနှင့် တွေ့ဆုံ မေးမြန်းမှုများတွင် ဖြေကြားပြီး ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌လည်း ပြဌာန်းပြီး ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါ အချက် နှစ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျော်လွန် ဆောင်ရွက်ရန်မရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်က ဘယ်လိုလူမျိုး ဖြစ်နိုင်မည်နည်းဟု မီဒီယာက ဆက်လက် မေးမြန်းသည့်အခါ ၎င်းက “တပ်မတော်မှာ ဆင့်ကဲ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်၊ ရာထူး တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေ ရှိပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဘယ်လို လူမျိုး ဖြစ်မယ် ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

တပ်မတော်ဘက်က ဒုတိယ သမ္မတ တင်မြှောက်ရေး လျာထားမှုနှင့် ပတ်သက်ပြီး ၎င်းက “အခုကာလ ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့နိုင်ဖို့ ကိုယ်စား လှယ်များ ရရှိထားတဲ့ ပါတီက အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက် နေတဲ့ ကာလ ဖြစ်ပါတယ်၊ ဘယ်လို နိုင်ငံရေး အခင်းအကျင်းမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ လည်း မသိသေးပါဘူး၊ ဒီကိစ္စတွေ ပြီးဆုံးမှ ဒီမေးခွန်းရဲ့ အဖြေက တိတိကျကျ ရရှိလာမှာ ဖြစ်ပါတယ်၊ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ မရှိဘူး” ဟု ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.